တခါက ပေါလ်ဆိုတဲ့ ပြတိုက်စောင့် တယောက် ရှိခဲ့တယ်တဲ့။ သူအလုပ်လုပ်တဲ့ ပြတိုက်မှာ မိုနာလီဇာ ပန်းချီကား အပါဝင် တခြားတန်ဖိုးကြီး ရှေးဟောင်းလက်ရာတွေ ပြသထားတယ်။
တကယ့်အဖိုးတန် အစစ်မှန်တွေ ဆိုတော့ ပြတိုက်ရဲ့ လုံခြုံရေး စနစ်တွေက အလွန်ကောင်းတာပေါ့။ သေချာတာကတော့ အတွင်းလူ အကူအညီ မပါပဲ ပြတိုက်ကို ဖေါက်ထွင်းဖို့ ဆိုတာ မဖြစ်နိုင်သလောက် ပါပဲ။
ဒီလိုနဲ့ တနေ့မှာ လူတယောက်ဟာ ပေါလ် ဆီကို ရောက်လာပြီး မိုနာလီဇာပန်းချီကားကို ခိုးယူပေးဖို့ ဒေါ်လာ သုံးသောင်းနဲ့ ကမ်းလှမ်းတယ်။ အဲဒီတုန်းက မိုနာလီဇာ ပန်းချီကားရဲ့ တန်ဖိုးရင်းကမှ ဒေါ်လာသုံးသောင်းလောက်ပဲ တန်တယ်တဲ့။ နောက်ဆုံးမှာ ပေါလ်ဟာ ကမ်းလှမ်းမှုကို လက်ခံလိုက်တယ် ဆိုပါတော့။
မိုနာလီဇာ ပန်းချီကားကို ခိုးယူဖို့ အမျိုးမျိုး ကြိုးစားနေတဲ့ ပေါလ်ဟာ တနေ့မှာတော့ အောင်အောင်မြင်မြင် ခိုးယူလိုက်နိုင်တယ်။ အဲဒိနောက်မှာတော့ ပေါလ်ဟာ သူ့ကို ခိုင်းလိုက်တဲ့လူ လာအယူကိုပဲ စောင့်နေခဲ့တာပေါ့။
မိုနာလီဇာပန်းချီကား ပျောက်ဆုံးသွားတယ် ဆိုတဲ့ သတင်းဟာ တကမ္ဘာလုံး ပျံ့သွားတယ်။ ဒါပေမယ့် ပေါလ်ဆီကို သူ့မိတ်ဆွေဟာ ပန်းချီကား လာမယူပါဘူး။
ဒါကြောင့် သူ ခိုးတာ သိသွားမှာ စိုးရိမ်တဲ့ ပေါလ်ဟာ မိုနာလီဇာ ပန်ချီကားကြီးကို သူ့ရဲ့မြေအောက်ခန်းထဲမှာ ဝှက်ထားပြီး ဟန်မပြတ် ပြတိုက်မှာ အလုပ်ဆက်လုပ် နေခဲ့ပါတယ်။ ပေါလ်အတွက် တခု ကံကောင်းတာက ဘယ်သူမှ သူ့ကို သံသယ မဝင်ကြတာပဲ။
ဒီလိုနဲ့ နှစ်လလောက် ကြာသွားပြီးချိန် မှာတော့ ပေါလ် ဆီကို စာတိုက်က တဆင့် ပါဆယ်တထုတ် ရောက်လာတယ်။ ပေါလ် ဖွင့်ကြည့်လိုက်တော့ ဒေါ်လာ သုံးသောင်းနဲ့ စာတစောင် ဖြစ်နေတယ်။ သူ့ကို ပန်းချီကား ခိုးခိုင်းတဲ့သူ ဆီကပေါ့။
သို့ မိတ်ဆွေကြီးပေါလ် တချိန်တုန်းက မိတ်ဆွေကြီးကို မိုနာလီဇာ ပန်းချီကား ခိုးခိုင်းတဲ့ ကျွန်တော့်ကို လာမယူလို့ ခင်ဗျား စိတ်နာနေ မှာပဲနော်။ အဲဒီအတွက် တောင်းပန်ပါတယ်ဗျာ။ တကယ်တော့ ကျွန်တော်ဟာ မိတ်ဆွေကြီးလက်ထဲက မိုနာလီဇာပန်းချီကား အစစ်ကို စိတ်မဝင်စားပါဘူး။
အံ့သြသွားသလားဗျာ ကျွန်တော်မှာ မိတ်ဆွေကြီးနဲ့ မတွေ့ခင် ကတည်းက မိုနာလီဇာပန်းချီကား အစစ်နဲ့ ခွဲမရအောင် တူတဲ့ ပန်ချီကားအတု ဆယ်ကားထက် မနည်း ရှိပြီးသားပါ။
ဒါပေမယ့် ပြတိုက်မှာ အစစ် ရှိနေမှတော့ ကျွန်တော့် ပန်းချီကားတွေ ဘယ်လောက်တူတူ အတု ဖြစ်နေဦးမှာပဲလေ။ ဒါကြောင့် "အစစ်ပျောက်သွားပြီ" ဆိုတဲ့ သတင်းသာ ကျွန်တော် လိုချင်တာ အစစ်ပါ။
မိတ်ဆွေကြီး ကလည်း ကျွန်တော် အလိုရှိတာကို ဖြည့်ဆည်းပေးနိုင် ခဲ့ပါတယ်။ ကျေးဇူးတင်ပါတယ်ဗျာ။ အခု မိတ်ဆွေကြီး ဒီစာကို ဖတ်နေချိန်မှာ ကျွန့်တော့် လက်ထဲက မိုနာလီဇာပန်းချီကား အတုတွေကို ကမ္ဘာတဝှမ်း အစစ်ဆိုပြီး ဆယ်ကားထက် မနည်း တပြိုင်နက်တည်း ရောင်းချပြီးလို့ ကျွန်တော်ဟာ မီလျံနာတဦး ဖြစ်နေပါပြီ။
ကျွန်တော့် ကတိအတိုင်း မိတ်ဆွေကြီးအတွက် ဒေါ်လာသုံးသောင်း ထည့်ပေးလိုက်ပါတယ်။ မိတ်ဆွေကြီးလက်ထဲက မိုနာလီဇာပန်းချီကား အစစ်ကြီး ကိုတော့ ကျွန်တော့်ရဲ့ နောက်ကျမှုကို ခွင့်လွတ်စေဖို့ လက်ဆောင်လို့သာ သဘောထားလိုက် ပါတော့ခင်ဗျာ။
မှတ်ချက်။ ။ လိပ်စာအစစ် ထည့်မပေးလိုက်တာ ကိုတော့ မိတ်ဆွေကြီးနားလည်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။ အစစ်တွေ ပျောက်ကွယ်သွားတဲ့တနေ့ အတုတွေဟာ အစစ် ဆန်လာလိမ့်မယ်။ zar ni nyunt lwin
0 Comments