သေဆုံးသွားသော အိုး

တခါက အဖိုးအိုတယောက်ဟာ အိမ်နီးချင်းထံမှ အိုးကြီးတလုံးကို ခဏ ငှားရမ်းသတဲ့။ ဆယ်ရက်လောက် ကြာတဲ့အခါ အိုးကြီးထဲကို အိုးအငယ်လေး ထည့်ပြီး ပြန်မဆယ်မိပဲ အိမ်နီးချင်းကို ပြန်ပေးမိ လိုက်တယ်။

ဒါကို အိမ်နီးချင်းက တွေ့တော့ "ဒီ အိုးလေးက ဘာလို့ ပါလာလဲ" လို့ ပြန်မေးတာပေါ့။ ဒီတော့ အဖိုးအိုလဲ

"သြော် ကျွန်တော် ငှားတုန်းက ခင်ဗျားအိုးက ကိုယ်ဝန်ကြီးနဲ့ ထင်ပါရဲ့။ ဒါကြောင့် ဒီအိုး အသေးလေး မွေးတာ ဖြစ်မယ်" လို့ ပြောလိုက်တဲ့။

အိုးပိုင်ရှင်လည်း "ဒီအဖိုးကြီး အတော် တုံးတာပဲ" လို့ တွေးပြီး "ကောင်းပါပြီဗျာ နောက်ကို အိုး အသုံးလိုရင်လည်း လာငှားလိုက်ပါ" လို့ ပြောပြီး အိုးငယ်လေးပါ သိမ်းထားလိုက်သတဲ့။

ရက်အနည်းငယ် ကြာတော့ အဖိုးအိုလည်း အိုးရှင်ထံမှ အိုးကို နောက်ထပ် လာရောက် ငှားပြန်သတဲ့။ ဆယ်ရက်၊ ရက် ၂၀၊ တလ ကြာသည်အထိ အဖိုးအိုက အိုးကို ပြန်မပေးပဲ နေတဲ့အခါ အိုးရှင်လည်း စိတ်ပူပြီး အဖိုးအိုထံ အိုးကို လာတောင်းတော့ တာပေါ့။

ဒီတော့မှ အဖိုးအိုလည်း "ကံအကြောင်းတရားပဲ ထင်ပါရဲ့ဗျာ။ ခင်ဗျား အိုးဟာ မနေ့ကပဲ ကွယ်လွန် အနိစ္စ ရောက်သွားရှာပြီ" လို့လဲ ပြောလိုက်တယ်။

ထိုအခါ အိုးပိုင်ရှင်က ဒေါသထွက်သွားပြီး "ဟဲ့ အဖိုးကြီး ကျုပ်ကို အရူးလို့များ ထင်နေတာလား။ အိုဆိုတာ ကွယ်လွန်အနိစ္စ ရောက်တယ်လို့ ရှိလို့လား။ ကျုပ်အိုးပြန်ပေး" လို့ ပြောတော့တာပေါ့။

ဒီတော့မှ အဖိုးအိုက "သြော် ခင်ဗျားလဲ အတော် မတရားစကား ပြောတတ်တာပဲ။ အရင်တခါ ခင်ဗျား အိုးကြီးက အိုးကလေး မွေးတယ် ဆိုတော့ ခင်ဗျား ယုံတယ်။

အခု အိုးကြီး ကွယ်လွန်အနိစ္စ ရောက်တယ် ဆိုတော့ မယုံတော့ဘူး ဖြစ်သွားတယ်။ ခင်ဗျားရဲ့ စကားဟာ တရားရဲ့လားဗျာ" လို့လဲ ပြောလို့ရော အိုးရှင်ခင်မျာ မျက်နှာငယ်လေးနဲ့ ပြန်သွားရသတဲ့။

ဒီလိုပါပဲ လောကမှာ ကိုယ်နှစ်သက်တာလေး ကိုယ်အကြိုက်လေးများ ပြောလိုက်ရင် မှားတာ မှန်တာ မစဉ်းစားတော့ဘူး။ သိပ်ကို သဘောကျနေတတ် ကြပါတယ်။ ပီတိတွေ ဖြစ်နေတတ် ကြတယ်။

ကိုယ်မကြိုက်တာလေးများ ကြားရပြီ ဆိုရင်တော့ မည်မျှပင် အမှန်စကား ဖြစ်နေပါစေ လက်မခံ နိုင်ကြဘူး ဆိုတာကို သတိပြုမိ နိုင်ကြပါစေ။ ဓမ္မအလင်းရောင်

Post a Comment

0 Comments