အဆိပ်ရှိသောသူ

မြွေဟောက် တကောင်က ကျနော့်ကို ပြောတယ်။ "ငါဟာ လျှင်မြန်တယ်၊ အဆိပ်ရှိတယ်၊ ငါ့ကို လူတွေ ကြောက်ကြတယ်" တဲ့။ ကျနော် သူ့ကို အရမ်း အားကျမိတယ်။ သူ့လို လျှင်မြန်ပြီး အဆိပ်ရှိတဲ့ မြွေ ဖြစ်ချင်ခဲ့တယ်။

နောက်တနေ့မှာ ကျနော် မြွေပွေး တကောင်နဲ့ တွေ့တယ်။ မြွေပွေးက ကျနော့်ကို ပြောတယ်။ "ငါက တည်ငြိမ်တယ်၊ ငါ့ဟာငါ အေးဆေးနေတယ်၊ ငါ ဘယ်သူ့ကို မှ ရန်မရှာဘူး။ ဒါပေမယ့် ငါ့ကိုတော့ လာမထိနဲ့၊ ယင်ကောင်တောင် အလွတ်မပေးဘူး " တဲ့။

ကျနော် သူ့ကို အရမ်း လေးစားမိတယ်။ ကျနော် သူ့လို တည်တည်ငြိမ်ငြိမ်နဲ့ အဆိပ်ရှိတဲ့သူ ဖြစ်ချင်ခဲ့တယ်။

နောက်တရက်မှာ ကျနော် ရေမြွေတကောင်နဲ့ တွေ့တယ်။ ရေမြွေက ကျနော့်ကို ပြောတယ်။ "ငါက အဆိပ်မရှိဘူး၊ ပျော်ပျော်ပဲ နေတတ်တယ်။ ငါ့ကို လာရန်စ ရင်လည်း ငါ ဘာမှ မတုန့်ပြန်ဘူး။

ငါ့မှာ အဆိပ် မရှိမှန်းသိတော့ ဘယ်သူမှ ငါ့ကို မလေးစားကြဘူး။ ငါ့ကို ဟာသ တကောင် အဖြစ်ပဲ လူတွေ သဘောထားကြတယ်" တဲ့။

ကျနော် သူ့ကို အရမ်း စိတ်ပျက်မိတယ်။ အဆိပ်မရှိတဲ့ မြွေတကောင်က ဘယ်နေရာမှာ သွားပြီး အသုံးကျပါ့မလဲ။ ကျနော် သူ့ကို အထင်သေးတယ်။ အတု မယူထိုက်တဲ့သူမို့ ဝေးဝေးက ရှောင်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဒီအဖြစ်အပျက်တွေ ဖြစ်ပြီး ဆယ်ရက်လောက် ကြာတော့ ကျနော် လယ်သမားကြီး တဦးနဲ့ တွေ့တယ်။ သူ့ရဲ့ ပလိုင်းထဲမှာ မြွေအသေ နှစ်ကောင်ကို တွေ့လို့ သေချာ ကြည့်လိုက်တော့ ကျနော် လေးစားရတဲ့ မြွေပွေးနဲ့ မြွေဟောက် ဖြစ်နေတယ်။

ကျနော် ဘာမှ မမေးခင်မှာပဲ လယ်သမားကြီးက ကျနော့်ကို ပြောတယ်။ "ငါ့လယ်တောထဲမှာ တွေ့တာတော့ မြွေက သုံးကောင်ကွ။ ငါသူတို့ကို မသတ်ချင်ပါဘူး။

ဒါပေမယ့်ကွာ ဒီနှစ်ကောင်က အဆိပ်ရှိတဲ့ သတ္တဝါတွေ ဆိုတော့ လူတွေအတွက် အန္တရာယ် ရှိလာနိုင်တယ်။ ဒါကြောင့်ပဲ သူတို့ကို သတ်လိုက်ရတာ။ ကျန်တဲ့ တကောင်ကတော့ ဘာအဆိပ်မှ မရှိတဲ့ အကောင်မို့လို့ သတ်စရာ မလိုဘူး ပေါ့ကွာ" တဲ့။

ကျနော် နောင်တ တခု ရလိုက်သလို အသိတရား တခုလည်း ရလိုက်တယ်။ "လောကကြီးမှာ အဆိပ် မရှိတဲ့ သူက အန္တရာယ် အကင်းဆုံး" ဆိုတာကို။

အဲ့ဒီနေ့က စပြီး ကျနော့်ရဲ့ လွဲမှားနေတဲ့ အတွေးအခေါ်တွေကို ပြုပြင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ကိုယ့်ခန္ဓာမှာ ရှိတဲ့ အဆိပ်ဆိုတဲ့ အရာကို ဖယ်ထုတ်ပြီး ငြိမ်းချမ်းတဲ့ဘဝ၊ လွတ်လပ်တဲ့ ဘဝတခုကို ရှာဖွေဖို့နဲ့ ကြုံလာသမျှ အခက်အခဲကို အပြုံးနဲ့ပဲ တုန့်ပြန်ဖို့ပါ။ Crd

Post a Comment

0 Comments