ဟိုးရှေးရှေးတုန်းက အဘိုးအိုတယောက်သည် မိမိ၏ ခြံစည်းရိုးနားတွင် မြေများကို တူးဆွကာ သရက်ပင်ပေါက် ကလေးများကို စိုက်ပျိုးနေ၏။ အိမ်ရှေ့မင်းသားသည် တောကစား ထွက်လာရင်း ထိုခြံစည်းရိုး အနားသို့ ရောက်လာ၏။
အဘိုးအိုလည်း မင်းသားကို တွေ့သဖြင့် ဝမ်းမြောက်ဝမ်းသာ ခရီးဦးကြို ပြုပြီးလျှင် လတ်ဆတ်၍ မွှေးကြိုင် ချိုမြိန်သော သရက်သီးတို့ဖြင့် ဧည့်ခံ၏။ မင်းသားလည်း အားရစွာ သုံးဆောင်ပြီးသော်
မင်းသား။ ။ သရက်သီးများကို သုံးဆောင် ရသည်မှာ အလွန် အရသာ ရှိလှပါသည်။ ကျွန်ုပ်တခု မေးပါရစေ၊ ကျွန်ုပ် လာစဉ်က အဘိုး မည်သည့် အပင်ပေါက်များ စိုက်နေပါသနည်း။
အဘိုးအို။ ။ သရက်ပင်ပေါက်ငယ်များ စိုက်နေပါသည် အရှင့်သား။
မင်းသား။ ။ အဘိုးအသက် မည်မျှ ရှိပြီနည်း။
အဘိုးအို။ ။ ကျွန်ုပ်အသက်သည် ရှစ်ဆယ် ရှိပါပြီ။
မင်းသား။ ။ အဘိုးအသက်သည် မည်မျှဆက်၍ ရှည်နေဦးမည်ဟု အဘိုး ထင်သနည်း။
အဘိုးအို။ ။ ကျွန်ုပ် သေရဖို့ နေရဖို့ အရေးသည် ကုသိုလ်အတိုင်းသာ ဖြစ်သောကြောင့် မခန့်မှန်းနိုင်ပါ အရှင့်သား။
မင်းသား။ ။ (ရယ်သွမ်းသွေး၍) ထိုသို့ဖြစ်လျှင် ယခု အဘိုး စိုက်ပျိုးနေသော သရက်သီးကို အဖိုးစားဖို့ရန် မျှော်လင့်နေ ပါသလား။ မိမိအတွက် အကျိုးခံစားခွင့် မရနိုင်သည့် အလုပ်ကို လုပ်ခြင်းသည် မိုက်မဲရာ မကျသလော။
အဘိုးအို။ ။ ယခု ကျွန်ုပ်တို့ စားသုံးနေသော သရက်သီးသည် ကျွန်ုပ်၏ ဘိုးဘေးများက စိုက်ပျိုးခဲ့သောကြောင့် ဖြစ်ပါသည်၊
ယခု ကျွန်ုပ် စိုက်ပျိုးနေသော သရက်ပင်ပေါက်များ ကြီးပြင်းလာသော အချိန်တွင် ကျွန်ုပ်၏ သားမြေးနှင့် နောင်လာနောက်သားများ စားသုံးနိုင် ကြပါလိမ့်မည်။
ထိုသို့ အဘိုးအိုက ဟုတ်တိုင်းမှန်ရာကို လျှောက်ထားသော် အိမ်ရှေ့မင်းသားသည် များစွာ သဘောကျသဖြင့်
မင်းသား။ ။ အဘိုးဖြေသော အဖြေသည် မှတ်သားထိုက်ပေစွ၊ ကျွန်ုပ် မစဉ်းမစား မဆင်မခြင် ပြောမိခြင်းကို သည်းခံပါ။
ကျွန်ုပ်သည် ယနေ့မှ စ၍ ကျွန်ုပ်ဖို့ တဘို့တည်းကို မကြည့်တော့ပါ။ ကျွန်ုပ်နှင့် တကွ နောင်လာနောက်သားတို့ အကျိုးရှိမည့် အလုပ်မျိုးကိုသာ လုပ်ပါတော့မည်။ အဘိုးအား ပူဇော်ပါရစေ။
ထိုသို့ ဆို၍ အိမ်ရှေ့မင်းသားသည် ပတ္တမြားလက်စွပ် တကွင်းကို ချီးမြှင့်ပြီးလျှင် စီးတော်မြင်းကို ရွှင်လန်းစွာ နှင်၍ ထွက်သွားလေ၏။
အဘိုးသည် ဝမ်းမြောက်ဝမ်းသာစွာ မြည်တမ်းသည်မှာ ငါ့စေတနာ အလျောက် စိုက်ပျိုးသော အပင်ကလေးများသည် ယခုလက်ငင်း ပတ္တမြားသီး သီးကြပေပြီ။ အင်း စေတနာ စေတနာ။ (စေတနာ - တတိယတန်း မြန်မာဖတ်စာအုပ်မှ) Crd
0 Comments