အဘိုးအိုနှင့် ကောင်လေး

တခါက တောရွာလေးမှာ အင်မတန်မှ ဆင်းရဲတဲ့ မုဆိုးမ သားအမိနှစ်ယောက် ရှိသတဲ့။ ရာသီဥတု ပူပြင်းတဲ့ နေ့လေးတနေ့မှာတော့

"ခိုင်းဗျာ ခိုင်းချင်တိုင်း ခိုင်းတော့။ တနေ့ ကုန်အောင်ခိုင်း တချက်မှ အနားမပေးပဲ ခိုင်း" ဆိုပြီး ကလေးတယောက်က ရွာအပြင် သစ်ပင်ရိပ်အောက်မှာ ဒေါသ အကြီးအကျယ် ထွက်ပြီး တယောက်ထဲ ပါးစပ်ကနေ တတွတ်တွတ် ပြောနေသည်။

ထိုအချိန် ခွေးလေးတကောင်ကို ခေါ်ပြီး အပန်းဖြေရန် သစ်ပင်ရိပ် အောက်သို့ ခရီးထွက်လာတဲ့ အဖိုးအို တယောက်က သူ့အဖြစ်အပျက်ကို ကြည့်ပြီး မေးလာတယ်။

"ကောင်လေး မင်းကို ဘယ်သူက ဘယ်လိုလုပ်ပြီး ဘာဖြစ်လို့ ဒီလောက်တောင် စိတ်တိုနေရတာလဲကွာ"

"ဘာရှိရမှာလဲဗျာ အိမ်က အမေပေါ့။ သားကို တနေကုန် အလုပ်တွေ ခိုင်းတယ်။ သူငယ်ချင်းတွေနဲ့တောင် ဆော့ချိန် မရဘူး"

"ဒါဆို မင်း အဖိုးနဲ့ ကစားမလား"

အဘိုးက ပြောပြောဆိုနဲ့ ကျောက်ခဲနှစ်လုံးကို ကောက်ယူပြီး "ရော့ မင်းနဲ့ငါ ဘယ်သူ ဇွဲပိုကောင်းလဲ ကြည့်ကြရအောင်။ ခဲလုံးမ တမ်း ကစားကြရအောင်။ အကြာကြီး မထားနိုင်သူက အနိုင်ပေါ့"

ကစားနည်းက မခက်ခဲတာကြောင့် ကောင်လေးက လက်ခံလိုက်ပါတယ်။ ခဲလုံးကို နာရီဝက်မျှပင် မကြာသေး မထားရတာ လေးလာတာကြောင့် "တော်ပြီဗျာ သား အရှုံးပေးတယ်။ လက်ညောင်းလာပြီ ကစားရတာလည်း မပျော်ဘူးဗျာ"

အဘိုးအိုက "ဒါဖြင့်လည်း ခွေးကလးနဲ့ ကစားလေ။ တခုတော့ ရှိတယ် ခွေးကလေးနဲ့ မကစားခင် ဟို အိတ်ထဲက နို့ဘူးတဘူး ကုန်အောင် တိုက်ပြီးမှ ကစားရမယ်"

"ရတယ်ဗျာ သားနို့တိုက်ပေးမယ်"

ထိုသို့ပြောပြီး ခွေးကလေးကို နို့တိုက်ရာမှ ခွေးကလေးက နို့မသောက်ပဲ ဟိုပြေး ဒီပြေးလုပ်တော့ ကောင်လေးက စိတ်တိုလာပြီး

"မတိုက်နိုင်ဘူးဗျာ ဟိုပြေး ဒီပြေးနဲ့ တချက်မှကို အငြိမ်မနေတာ။ စိတ်ကုန်လာပြီ မကစားရရင်လည်း နေပါစေတော့" လို့ ပြောတယ်။

ဒီတော့ မှ အဘိုက ပြုံးပြီး "ဒီမှာ ကောင်လေး ဘယ်လောက်မှ မလေးတဲ့ ကျောက်ခဲ တလုံးကိုတောင် နာရီဝက် ပြည့်အောင် မင်းက ကိုင်ထားနိုင်တာ မဟုတ်ဘူး။ မင်း ဒီအရွယ် ရောက်ဖို့ အရေး မင်းအမေက ကိုးလ လွယ်လာခဲ့တယ် ဆိုတာ မင်းသတိထားမိရဲ့လား။

မင်းက ခွေးကလေးကို နို့တနပ်တောင် ဝအောင် မတိုက်နိုင်ခဲ့ပေမဲ့ မင်းအမေက မင်းဒီအရွယ် ရောက်ဖို့ နို့အနပ်ပေါင်း မရေမတွက် နိုင်အောင် တိုက်နိုင်ဖို့ ဘယ်လို ဒုက္ခခံပြီး တိုက်ခဲ့ရတယ် ဆိုတာရော မင်း သိကော သိရဲ့ လား"

ကောင်လေးက အဘိုစကား ကြားချိန်မှာ သေချာစဉ်းစားမိပြီး အမေ့ကို သနားတဲ့ စိတ်တွေ မျက်ရည်ဝဲပြီး ဘာတခွန်းမှ မပြောတော့ပါ။ နောက်ဆို အမေ ခိုင်းသမျှ မငြိုငြင်တော့ဘူးလို့ ဆုံးဖြတ်ကာ အိမ်ကို အပြေးလေး ပြန်သွားပါတော့တယ်။

သူသတိမထားမိလို့ အသိတရားတွေ မရှိခဲ့ပေမဲ့ အခုတော့ မိဘရဲ့ ကျေးဇူးစကားကို သူ ကောင်းကောင်းကြီး သတိထားမိလေပြီ။ မိဘကျေးဇူးသိတတ်သော သားသမီးလိမ်မာလေးများ ဖြစ်ကြပါစေလို့ ဆန္ဒပြုရင်း။ Crd

Post a Comment

0 Comments