ကျေးဇူးကန်းသော လူတန်းစား

လောကမှာ ဘယ်တော့မှ ကျေးဇူး မတင်တတ်တဲ့ လူတန်းစားဆိုတာ ရှိတယ်။ ကိုယ်က ကိုယ့်မှာရှိတဲ့ ငါးထောင် အကုန်ပေးခဲ့တယ်၊ ဒါပေမယ့် သူဌေးတယောက် တသောင်း ပေးတာကို ကျေးဇူးတင် မဆုံးဘူး။ အဲ့ဒီလို လူတန်းစား။

ကိုယ်ပေးခဲ့တဲ့ ငါးထောင်ဟာ နောက်တနေ့အတွက် သုံးစရာ မရှိတော့တာတောင် ရှိတာအကုန် ပေးခဲ့ပေမယ့် သူဌေးက ပေးခဲ့တဲ့ တသောင်းဟာ လက်ဖက်ရည်ဖိုး သာသာပဲ ရှိတာ သူမသိခဲ့ဘူး။ သိလည်း သိပ်မခံစားတတ်တဲ့ လူစားမျိုး။

ကိုယ်ပေးခဲ့တဲ့ အချိန်ဟာ မအားမလပ်တဲ့ ကြားက အပြေးအလွှား သွားရတာ ဖြစ်ပြီး သူများတွေ ပေးတဲ့ အချိန်ဟာ သူတို့အလုပ်ချိန်တွေ သင်တန်းတွေ မိသားစု ကိစ္စတွေ အားလုံးပြီးမှ ပေးကြတာ ဖြစ်တယ်။

ဒါပေမယ့် ပိုအချိန်ပေးတဲ့ သူကိုသာ ကျေးဇူးတင်ကြတယ်။ အခက်အခဲတွေ ကြားက လာရတဲ့သူကို အသိအမှတ် မပြုကြဘူး။

ဒီလိုပါပဲ လူတချို့မှာ တစုံတယောက်ကို ဘာလုပ်လုပ် သိပ်ကျေးဇူးတင် သိပ်ချီးမွမ်းကြပြီး နောက်လူတယောက်ကိုတော့ ဘာလုပ်လုပ် ကျေးဇူးတင်လေ့ မရှိ၊ စာရင်းထဲ သိပ်ထည့်လေ့ မရှိတဲ့ စရိုက်မျိုးတွေ ရှိတတ်ကြပါတယ်။

အဲဒီလို လူတွေဟာ ပေးဆပ်ထားတဲ့ ပမာဏ ကိုသာ ဆုံးဖြတ်ကြပြီး အားစိုက်ရတဲ့ ပမာဏ ကိုတော့ သိပ်မမြင်ကြပါဘူး။ ထည့်တွက်လေ့ မရှိပါဘူး။

ကိုယ့်ရှေ့မှာ ကိုယ့်ကို နှိမ်ချင်တာနဲ့ ကိုယ့်ထက် ပိုအဆင်ပြေသူတွေ၊ ရာထူးပိုကြီးသူတွေ၊ နာမည်ပိုကြီးသူတွေရဲ့ အကြောင်း ရေပက်မဝင် ပြောဆိုကြပြီး သူတို့အဖို့ ကိုယ်မရှိလည်း ရတယ် ကိုယ်မပါလည်း ဖြစ်တယ် ဆိုတဲ့ သဘောတွေကို ပါးနပ်စွာ ပြကြပါတယ်။

ဟုတ်ကဲ့ မိတ်ဆွေ၊ သင့်တန်ဖိုးဟာ နည်းသည် ဖြစ်စေ များသည် ဖြစ်စေ အဲဒီတန်ဖိုးကို အသိအမှတ် မပြုတဲ့ အသိုင်းအဝိုင်း တခုသင့်မှာ ရှိနေပြီ ဆိုရင်တော့

အရင်လို ပေါပေါပဲပဲ ကူညီနေတာတွေ၊ အားအားယားယား အချိန်ပေးနေတာတွေ၊ နှစ်နှစ်ကာကာ ခင်မင်နေတာတွေကို လျှော့လိုက်ပါ။

ဘာလုပ်မှာလဲ။ ကိုယ်ရှိနေခြင်းကို တန်ဖိုးမထား၊ ကိုယ့်လုပ်အားတွေကို မလေးစား၊ ကိုယ့်အချိန်တွေကို အသိအမှတ် မပြုတဲ့သူတွေကို စိတ်ထဲထည့်ပြီး ခင်မင်နေရတာ မိတ်ဆွေရင်းလို့ သတ်မှတ်ပြီး ပေါင်းသင်းနေရတာ။ ရှိနေတဲ့ ကိုယ့်ရဲ့ တန်ဖိုးကို ထပ်မချပါနဲ့။

ကိုယ်မရှိလည်း အဆင်ပြေတယ် ဆိုတဲ့ အသိုင်းအဝိုင်းကို ထားခဲ့လိုက်ပါ။ ကိုယ့်ကို မလိုဘူး ဆိုတဲ့ ပတ်ဝန်းကျင်ကို ကျောခိုင်းခဲ့ပါ။ ကိုယ် မရှိမှ ကိုယ့်တန်ဖိုးသိမယ့် မိတ်ဆွေတွေကို လက်တွဲ ဖြုတ်ခဲ့ပါ။

ဘဝမှာ နေရမယ့် အချိန်ကလည်း အရမ်းနည်းတာမို့ သင့်ကို လိုအပ်တဲ့ သင့်တန်ဖိုးကို အသိအမှတ်ပြုတဲ့ သင်ရှိနေဖို့ လိုအပ်တဲ့ ပတ်ဝန်းကျင်မှာသာ သင် ရှိနေသင့်တာပေါ့။

အမေကျော် ဒွေးတော် လွမ်းတတ်တဲ့ မိတ်ဆွေတွေ၊ ငါးစိမ်းမြင် ငါးကင် ပစ်တတ်တဲ့ သူငယ်ချင်းတွေ သူတို့တွေကို မျက်နှာလုပ်ပြီး နေရမယ့်အစား သင့်ကို တန်ဖိုးထား လေးစားတဲ့ အသိုင်းအဝိုင်းမှာပဲ ရှင်သန်သင့်ပါတယ်။ ဒါ့ကြောင့် အခုပဲ သူတို့ကို ထားခဲ့လိုက်ပါ။ Crd

Post a Comment

0 Comments