မလိုအပ်ဘဲ မချည်နှောင်ပါနဲ့

တခါတုန်းက ကြွက်တကောင်နှင့် ဖားတကောင်တို့သည် အဆွေခင်ပွန်းဖွဲ့ နေထိုင် ကြ၏။ ကြွက်ဟာ ကုန်းပေါ် သက်သက်မှာသာ နေထိုင်၍ ဖားသည် ကုန်းပေါ် မှာရော ရေထဲမှာရော နေထိုင်နိုင်တဲ့ သတ္တဝါ ဖြစ်ကြသည်။

ကြွက်နဲ့ဖားသည် အဆွေခင်ပွန်းဖွဲ့ပြီးသော ကာလမှစပြီး သူတို့ နှစ်ကောင်ဟာ အတူတကွ ကုန်းပေါ်မှာ သွားလာ စားသောက်၍ နေထိုင်ကြသည်။

တနေ့မှာတော့ သူတို့ နှစ်ကောင်သည် တကောင်နှင့် တကောင် နီးနီးကပ်ကပ် ရှိအောင်နှင့် အမြဲတမ်း မခွဲမခွာ နေနိုင်အောင် အတွက် ခြေချင်းပူး၍ ကြိုးဖြင့် ချည်နှောင်ထား၏။

အဲဒီလို ခြေချင်းပူး ချည်နှောင် ထားသောကြောင့် တကောင်နှင့် တကောင် အမြဲအတူ စားသောက် နေထိုင်၍ ရေကန်တခု အနားသို့ ရောက်သွားလေ၏။

ဖားက ရေကိုမြင်သော အခါ ချင်းချက်ဆိုသလို ရေထဲသို့ ခုန်ချ၍ ရေကူးနေလေ၏။ ထိုသို့ ဖားက ရေးကူးနေသောအခါ ရေမကူးတတ်သော ကြွက်ဟာ ရေနစ်ပြီး သေဆုံးရှာလေ၏။

ထိုအခါ ရေပေါ်သို့ ပေါ်လိုက် မြှုပ်လိုက် ဖြစ်နေသော ကြွက်သေကောင်ကို သိမ်းငှက်က မြင်သောအခါ လျင်မြန်စွာ ထိုးဆင်း၍ သူ၏ လက်သည်းများဖြင့် သုပ်ချီလိုက်သည်။

သုပ်ချီ ယူဆောင်လာသော ကြွက်သေကောင် နောက်တွင် ဖားကလည်း တွဲလွဲပါသွား လေသည်။ သိမ်းငှက်ကလည်း ကြွက်နှင့် ဖားကိုပါ စားသောက် လိုက်လေ၏။

မဖြစ်နိုင်တာတွေ ဖြစ်ချင်လွန်းရင် ဒုက္ခတခုခု ရရှိတတ်ပါတယ်။ စဉ်းစား ဆင်ခြင်ဉာဏ် မရှိလျှင် ဒုက္ခကြီးစွာနဲ့ ကြုံတွေ့ ရတတ်ပါတယ်။

မိတ်ဆွေအပေါင်းအသင်းများနှင့် ပေါင်းသင်းမှုမှာလည်း သတိထားပြီး ပေါင်းသင်းရပါမယ်။

မဖြစ်သင့်တဲ့ အရာတွေ မဖြစ်ဖို့ ဘေးဒုက္ခမှ ကင်းလွှတ်ဖို့ မိမိကိုယ်မိမိ စဉ်းစား ဆင်ခြင်ဉာဏ် ရှိဖို့ လိုအပ်တဲ့ အကြောင်းကို ဒီအကြောင်းအရာလေးက အသိပေးထားတာ ဖြစ်ပါတယ်။ ကောင်းချစ်

Post a Comment

0 Comments