တခါက စစ်သူကြီး တယောက်ဟာ စစ်တုရင် ကစားတာ အရမ်းတော်ပါတယ်။ ဘယ်သူကမှ သူ့ကို နိုင်အောင် မကစားနိုင်ပါဘူး။ တနေ့မှာ စစ်သူကြီးဟာ သူ့ရဲ့ စစ်တပ်နဲ့အတူ စစ်တိုက် ထွက်လာရင်း ရွာလေးတရွာထဲကို ဖြတ်လာကြတယ်။
အဲဒီအချိန်မှာ အဲဒီရွာထဲက အိမ်သေးသေးလေး တလုံးမှာ "တနိုင်ငံလုံးရဲ့ စစ်တုရင် ကစားရာမှာ နံပါတ်တစ်" ဆိုတဲ့ ဆိုင်းဘုတ်ချိတ်ထားတာ သွားတွေ့ ကြတယ်။
စစ်သူကြီးဟာ မယုံတဲ့အတွက် အိမ်ရှင်ကို သွားရှာပြီး စစ်တုရင် ပြိုင်ကစားကြတာ အိမ်ရှင်က (၃) ကြိမ်စလုံး ရှုံးသွားခဲ့ပါတယ်။
ထိုအခါ စစ်သူကြီးက ရယ်မောပြီး ပြောတယ်။ "ဟားဟား မောင်မင်းရဲ့ ဆိုင်းပုဒ်ကြီး ဖြုတ်ပစ် လိုက်တော့" ဆိုပြီး စိတ်ကျေနပ်စွာနဲ့ စစ်တိုက် ထွက်သွားတော့တယ်။
မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကို ပြန်လာကြရာ အဲ့ဒီရွာကို ပြန်ဖြတ်တော့ ဆိုင်းဘုတ်ကို အရင်နေရာမှာပဲ ရှိနေသေးတာ ထပ်တွေ့ရတယ်။
အဲဒါနဲ့ အိမ်ရှင်ကို ထပ်သွားတွေ့တော့ နောက်ထပ် စိန်ခေါ်စကား ပြောကြရင်း ထပ်ကစားဖြစ် ကြတယ်။ ဒီအခါကျတော့ စစ်သူကြီးက (၃) ပွဲစလုံး ဆက်တိုက် ရှုံးသွားတယ်။
စစ်သူကြီးက အရမ်း အံ့သြ သွားတယ်။ အဲ့ဒါနဲ့ အိမ်ရှင်ကို မေးတာ ဘာကြောင့်လဲပေါ့။ အိမ်ပိုင်ရှင်က ပြောပြတာက "အရင်အခေါက်တုန်းက အသင် စစ်သူကြီးမှာ စစ် ထွက်တိုက်ရမဲ့ တာဝန်ကြီး ရှိနေတယ်။
ကျွန်တော်မျိုး အနေနဲ့ အသင် စစ်သူကြီးကိုစိတ်ဓါတ်ကျအောင် စိတ်အားကို ချိုးပစ်လို့ မသင့်ပါဘူး။ ဒီတခေါက် အသင်စစ်သူကြီးက စစ်အောင်နိုင်ပြီး ပြန်လာပြီ ဆိုတော့ ကျွန်တော်မျိုးလည်း ပညာ လျှိုထားစရာ မလိုတော့ဘူးပေါ့" တဲ့။
တကယ်တော်တဲ့သူ ဆိုတာ အနိုင်ရနိုင် ပါရဲ့သားနဲ့ မလိုအပ်ဘဲ အနိုင်မယူ၊ ခွင့်လွှတ်နိုင်စွမ်း ရှိအောင် စိတ်သဘောထား ကြီးတဲ့သူပါပဲ။
လက်တွေ့ ဘဝမှာလည်း အတူတူပါပဲ။ သိနေလည်း မလိုအပ်ဘဲ ပြောစရာ မလိုပါဘူး။ မပြောဘူး ဆိုတာက မသိလို့လည်း မဟုတ်ပါဘူး။ Crd
0 Comments