မကြားဖူးသော စကားလုံး

ရှေးရှေးတုန်းက တိုင်းပြည်တပြည်တွင် တောင်ပြင်သူဌေးနှင့် မြောက်ပြင်သူဌေး ဟူ၍ သူဌေးနှစ်ယောက် ရှိလေသည်။

တောင်ပြင်သူဌေးသည် နေ့စဉ်နှင့် အမျှ အတိုင်းအဆမရှိ အလှူဒါန ပေးသည်ဖြစ်၍ အချိန် ကြာညောင်းသော် အတွင်းပစ္စည်းများ ကုန်ကာ ဆင်းရဲဒုက္ခ ရောက်ရလေသည်။

ထို့နောက် တောင်ပြင်သူဌေးသည် ဆင်းရဲသော ဘဝ၌ပင် ကွယ်လွန်အနိစ္စ ရောက်သည် ဖြစ်၍ ကျန်ရစ်သော သားကလေးမှာဘုန်းကြီးကျောင်း၌ ပညာသင်ကြားရင်း ဘုန်းကြီးကျောင်းသား အဖြစ် နေထိုင်ရလေသည်။

မြောက်ပြင်သူဌေး၌လည်း သမီးတယောက် ထွန်းကားရာ အရွယ်ရောက်သည်တွင် သူဌေးသမီးကို လက်ထက် ထိမ်းမြားရန် လာရောက် စေ့စပ်သူ ပေါများသည် ဖြစ်၍ မြောက်ပြင်သူဌေးသည် သမီးအား မည်သူနှင့် လက်ဆက်ပေးရမည်ကို စဉ်းစား၍ မရနိုင် ဖြစ်နေလေသည်။

ထို့နောက် မြောက်ပြင်သူဌေးသည် အကြံအစည် တခုရ၍ မိမိ မကြားဖူးသော စကားကို ဆိုတတ်သူအား အယုတ်၊ အလတ်၊ အမြတ်မရွေး သမီးဖြစ်သူနှင့် လက်ထပ်ပေးစားမည် ဟု ကြေငြာလေသည်။

မြောက်ပြင်သူဌေး၏ သမီးကို ရယူလိုသည့် လုလင်တို့သည် မြောက်ပြင်သူဌေးထံ လာရောက်ကာ စကားဆို ကြလေသည်။ သို့ရာတွင် မြောက်ပြင်သူဌေး ကြားဖူးသော စကားများသာ ဖြစ်၍ မည်သူမျှ သူဌေးသမီးကို မရဘဲ ဖြစ်နေလေ၏။

တောင်ပြင်သူဌေးသား ဘုန်းကြီးကျောင်းသားလည်း မြောက်ပြင်သူဌေးသမီးအား ရယူရန် မည်သို့ ပြောဆိုရမည်ကို စဉ်းစားတွေးခေါ်ရာ အကြံကောင်းရ၍ မြောက်ပြင်သူဌေးထံသို့ သွားရောက်လေ၏။

ထို့နောက် တောင်ပြင်သူဌေးရဲ့ သားက "ကွယ်လွန်သွားသော မိမိဖခင် တောင်ပြင်သူဌေးက မြောက်ပြင်သူဌေးသည် ငါ့ထံမှ ငွေရှစ်ကုဋေနှင့် ရှစ်သန်း ချေးထားသည်။

ငါ့သား ကြပ်တည်းတဲ့ အခါ အဲဒီ ငွေရှစ်ကုဋေနှင့် ရှစ်သန်းကို မြောက်ပြင်သူဌေးထံက ပြန်တောင်းလေ ဟု မှာကြားခဲ့ပါသည်။ ထိုစကားကို ကြားဖူးပါသလား" ဟူ၍ ပြောဆိုလေသည်။

မြောက်ပြင်သူဌေးလည်း ဘုန်းကြီးကျောင်းသားက နတ်စကား ထွက်သည် ဆိုကာ အံ့ဩနေ မိလေ၏။ တောင်ပြင်သူဌေးသား၏ စကားကို ကြားဖူးပါသည် ဆိုကလည်း မြောက်ပြင်သူဌေးသည် တောင်ပြင်သူဌေးသားကို ရှိပစ္စည်း အကုန်ပေးရမည်။

မကြားဖူးပါ ဆိုလျှင်လည်း ကတိအတိုင်း သမီး ဖြစ်သူနှင့် လက်ထက်ထိမ်းမြား ပေးရမည်ဖြစ်၍ အကျပ်ရိုက် နေလေ၏။

သို့သော် "မင်းမှာ သစ္စာ လူမှာကတိ ဆိုရိုးရှိတယ်။ ငါ့စကားနဲ့ငါ လွန်နေပြီ၊ ကတိပျက်လို့ မကောင်းဘူး။ ဒီသူငယ်လည်း အခြားသူမှ မဟုတ်ဘဲ ငါ့မိတ်ဆွေ တောင်ပြင်သူဌေးရဲ့ သားပဲ" ဟူ၍ တွေးတော ဆင်ခြင်ကာ

"မောင်ပြောစကား မကြားဖူးပါ" ဟု ဝန်ခံကာ တောင်ပြင်သူဌေးသား ဘုန်းကြီးကျောင်းသားကို သမီးဖြစ်သူနှင့် လက်ထပ်ထိမ်းမြား ပေးရလေသတည်း။

ဆောင်ပုဒ် စကားခြေတင် ပြောကြလျှင် အထွင်ကောင်းသူနိုင်။ Crd

Post a Comment

0 Comments