တခါက ရဟန္တာထေရီမကြီးနှစ်ပါး ထိုင်နေတဲ့ အချိန်မှာ တပါးက မေးတယ်။
"အသက်ကလည်း ငယ်တယ်၊ အရွယ်လည်း ရှိပါရဲ့နဲ့ ဘာ့ကြောင့် အိမ်ထောင် မပြုတာလဲ" ဆိုတော့ တပါးက သူ့ဇာတ်ကြောင်းကို ပြောပြတယ်။
သူဟာ ဘဝတခုမှာ ကုန်သည် တယောက်နဲ့ လက်ထပ်ခဲ့တယ်။ ပေါင်းသင်းပြီး မကြာခင်မှာဘဲ ယောက်ျားက ကုန်ကူးသွားတော့ သူ့မှာ ကိုယ်ဝန်နဲ့ ကျန်ခဲ့တယ်။
ယောက္ခမတွေက သူ့သားနဲ့ ရတဲ့ ကိုယ်ဝန် မဟုတ်ဘူး ဆိုပြီး နှင်ချလိုက်တယ်။ ဗိုက်တလုံးနဲ့ ထွက်သွားခဲ့ ရတယ်။
ဇရပ်တခု ရောက်တော့ ဗိုက်နာပြီး ကလေးမွေးတယ်။ ကလေးကို ဇရပ်မှာ ခဏထားပြီး ရေသွားရှာနေတုန်း ခရီးသွား တယောက်က စွန့်ပစ်ထားတဲ့ ကလေး ဆိုပြီး ယူသွားတယ်။
ဒီလိုနဲ့ စိတ်လေပြီး လျောက်သွားနေတုန်း ဓါးပြဗိုလ်ကြီးနဲ့ တွေ့ပြီး ပေါင်းသင်းခဲ့ ပြန်တယ်။ မိန်းကလေးတယောက် မွေးတယ်။
တနေ့ ကလေးက ပုခက်ထဲက ပြုတ်ကျပြီး ခေါင်းမှာ ဒဏ်ရာရလို့ ယောက်ျားကို ကြောက်ပြီး ထွက်ပြေးခဲ့ ပြန်တယ်။
အဲဒီလိုနဲ့ တယောက်ထဲ နှစ်ပေါင်းများစွာ လျှောက်သွားနေတုန်း ကုန်သည်လေး တယောက်နဲ့ တွေ့ပြီး အိမ်ထောင် ပြုလိုက်ပြန်တယ်။
အဲဒီ ကုန်သည်ပေါက်စလေးနဲ့ ပေါင်းသင်း နေတုန်းမှာဘဲ တနေ့ ကုန်သည်လေးက မိန်းမငယ်ငယ်လေး တယောက်ကို ခေါ်လာပြန်လို့ နှစ်ယောက် ပေါင်းရ ပြန်တယ်။
တနေ့တော့ မယားအငယ်လေးကို သန်းရှာပေးနေတုန်း ခေါင်းက ဒဏ်ရာကို တွေ့တော့ သူ့သမီးဒဏ်ရာနဲ့ တူလိုက်တာလို့ တွေးပြီး ဇာတိကို မေးကြည့်တော့ တကယ်ဘဲ ဓါးပြဗိုလ်ကြီးနဲ့ ရခဲ့တဲ့ သူ့သမီး ဖြစ်နေပါတော့တယ်။
သားအမိနှစ်ယောက် ယူကြုံးမရ ဖြစ်နေပြီး သူတို့လင်ကို ပြောပြတော့ သူ့လင်ကလည်း တချိန်က ဇရပ်မှာ ပျောက်သွားတဲ့ သူ့သားလေး ဖြစ်နေပြန်တယ်။ ဆိုးလိုက်တဲ့ အဖြစ်ရယ်နော်။
ရဟန္တာထေရီမကြီးက သူ့ဘဝဇာတ်ကြောင်းကို ပြောပြပြီး သူလောကီမှာ မနေဝံ့တော့လို့ တရားထူး ရအောင် အားထုတ်ရတာပါလို့ ပြောပြခဲ့ပါတယ်။
အဲဒါဟာ သူ "မအေ" နဲ့တပ်ပြီး ဆဲခဲ့မိလို့ ပြန်လည် ပေးဆပ်ရတာပါတဲ့။ ဘယ်လောက်ထိ ကြောက်စရာ ကောင်းလိုက်ပါသလဲ။
ညီလေးတို့ ညီမလေးတို့ ဘာကြောင်းနဲ့ပဲ ဖြစ်ဖြစ် ဘယ်လောက်ဘဲ ဒေါသ ထွက်နေပါစေ။ သူတပါးကို "မအေ" နဲ့ တပ်ပြီး မဆဲဖြစ်အောင် ဂရုစိုက်ကြပါလို့ သတိပေးချင် ပါတယ်။
ဘုရားစာရွတ်လို့ ကုသိုလ်ရတာလည်း ဒီပါးစပ်က ထွက်တာပါဘဲ။ ဆဲလို့သံသရာမှာ ပေးဆပ်ရမှာလည်း ဒီပါးစပ်က ထွက်တာပါဘဲ။
ဘုရားရှင်က "ပါးစပ်က ထွက်တဲ့ စကားလုံးတွေဟာ အကျိုးမခံစားရဘဲ ပျောက်ပျက် မသွားပါဘူး" တဲ့။ ပါးစပ် စည်းကမ်း ရှိနိုင်ကြပါစေ။ ဦးတိလောက
0 Comments