လျှာမရှည်ပါနဲ့

ရှေးရှေးတုန်းက မုဆိုးတယောက်ဟာ တောထဲကို အမဲလိုက်သွားရင်း ရသေ့တပါးတည်း သီတင်းသုံး နေထိုင်တဲ့ တဲအိမ်လေးကို ရောက်သွား ခဲ့တယ်။ ရသေ့ကြီးမှာက ထူးခြားစွာပဲ နှာခေါင်း ရှည်နေတယ်။

ဒါကို မုဆိုးကြီး မြင်တော့ "အရှင်ရသေ့ကြီးရဲ့ နှာခေါင်းကြီးက ရှည်နေတာပါလား" လို့ ပြောတော့ ရသေ့ကြီးက "အေး ငါ နှာခေါင်းရှည်တာက အရေးမကြီးဘူး။ မင်းသာ လျှာမရှည်စေနဲ့" လို့ပြန်ပြော လိုက်တယ်။

မုဆိုးကြီးလည်း အိမ်ပြန်ရောက်တော့ သူ့မိန်းမကို ပြန် ပြောပြတာပေါ့။ "မိန်းမရေ ငါဒီနေ့ တောထဲမှာ ထူးထူးဆန်းဆန်း နှာခေါင်းရှည်နေတဲ့ ရသေ့ကြီးတပါးကို တွေ့ခဲ့တယ်" လို့ ပြောပြလိုက်သတဲ့။

သိတဲ့အတိုင်း ဗူးတရာသာ ပိတ်ဖို့ လွယ်ပေမဲ့ ပါးစပ်ပေါက် တခုကိုတော့ ပိတ်ဖို့ ရာ မလွယ်ဘူးလေ။ လူတွေရဲ့ အဲ့ဒီစကားဟာတဆင့်စကား တဆင့်နားနဲ့ပဲ ဘုရင်ကြီးက ကြားသွားခဲ့တယ်။

ဒါပေမယ့် ဘုရင်ကြီးက မယုံပါဘူးတဲ့။ အဲ့ဒါကို ဘယ်သူ ပြောတာလဲပေါ့။ ပြောသူ ငါ့ရှေ့တော်ကို ခေါ်လာစေ" ဆိုတော့ မူးမတ်တို့လည်း ပြောသူ မုဆိုးကြီးကို ဘုရင့်ဆီ ခေါ်လာခဲ့ကြရတယ်။

မုဆိုးကြီးက တောထဲမှာ သူတကယ် တွေ့မြင်ခဲ့ရတယ်လို့ ဘုရင်ကြီးကို ပြောပြတော့ "အဲ့ဒါဆို ရသေ့ကြီးကို ငါ့ဆီ ပင့်ခဲ့စေ" ဆိုတော့ မုဆိုးကြီးလည်း တောထဲက ရသေ့ကြီးကို သွားပင့် ပြရတော့တာပေါ့။

မပြရင်လည်း ဘုရင့်အမိန့် ဖီဆန်ရင် သေမိန့်ပေးသတဲ့။ ရသေ့ကြီးက "ငါ လမ်းမလျှောက်နိုင်လို့ ချီခေါ်ရင် လိုက်မယ်" ဆိုတော့ မုဆိုးလည်း ရသေ့ကြီးကို ချီပြီး ခရီးဝေးကြီးကို ပင်ပန်းစွာ လာခဲ့ရတယ်။

နန်းတော် ရောက်တော့ ဘုရင်ကြီးက မြင်ပြီး "အော် ဟုတ်ပါ့ရောလား။ ကိုင်း ငါကိုယ်တော် ယုံပြီမို့ သွားပြန် ပို့စေ" ဆိုပြန်တော့ မုဆိုးကြီးလည်း ရသေ့ကြီးကို ချီပြီးပြန်ပို့ရ ရှာတယ်။

ရသေ့ကြီးနေတဲ့ တဲကိုလည်း ရောက်ရော မုဆိုးကြီးမှာ သေမတတ် မောပန်းနေလို့ တဲပေါ်မှာ ပက်လက် လန်သွားတယ်။ အဲ့ဒီတော့ ရသေ့ကြီးက ပြောတယ်။

"ငါ မင်းကို မှာလိုက်ပါ့ရောလား။ ငါ နှာခေါင်းရှည်တာ အရေးမကြီးဘူး။ မင်း လျှာ မရှည်ပါနဲ့ဆိုတာကို ခုတော့ ဒုက္ခ ခံရပြီမဟုတ်လား" လို့ ပြောလိုက်ပါတော့တယ်။ ကိုယ်နဲ့ မဆိုင်တဲ့ ကိစ္စတွေမှာ လျှာ ဝင်မရှည်မိပါစေနဲ့။ Crd

Post a Comment

0 Comments