တခါက လယ်မြေချင်း ကပ်လျက် နေထိုင် လုပ်ကိုင်ကြတဲ့ ညီအကိုနှစ်ဦးဟာ စကားများ ရန်ဖြစ်ကြတယ်။ ဒါဟာ သူတို့နှစ်ဦးကြား ပထမဆုံးနဲ့ အပြင်းထန်ဆုံး သဘောကွဲလွဲမှုပါ။
ဒီမတိုင်မီကတော့ သူတို့နှစ်ဦးဟာ စက်ကိရိယာ၊ လုပ်အား၊ ကုန်ပစ္စည်းတွေ ဝေမျှသုံးစွဲရင်း နေထိုင်ခဲ့ကြတာ နှစ်ပေါင်း လေးဆယ် ကြာမြင့်ခဲ့တယ်။
ဒီနောက်မှာတော့ အချိန်အတော်ကြာ ချစ်ချစ်ခင်ခင် နေထိုင်ဆက်ဆံမှုဟာ ပြိုကွဲ ပျက်စီးသွားတယ်။ အထင်လွဲမှားမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စကလေးဟာ နေ့ချင်းညချင်း ပြဿနာကြီး အဖြစ် ကြီးထွား လာခဲ့တယ်။
နောက်ဆုံးမှာတော့ ညီအကို နှစ်ဦးဟာ တဦးကိုတဦး နာကြည်း မုန်းတီးစေမယ့် စကားတွေ ပြောဆိုရင်း ရက်သတ္တပတ် အတော်ကြာ မခေါ်မပြော ကြတော့ပါဘူး။
တမနက်မှာတော့ အကိုဖြစ်သူရဲ့ အိမ်တံခါးမှာ ခေါက်သံ ပေါ်လာခဲ့တယ်။ တံခါးဖွင့်ကြည့် လိုက်တဲ့အခါ လက်သမားသုံး ပစ္စည်းကိရိယာများ ပါရှိသည့် သေတ္တာတလုံးကို ဆွဲကိုင်ထားတဲ့ လူတဦးကို တွေ့ရတယ်။
ထိုသူက ပြောလာပါတယ်။ "ကျွန်တော် ရက်အနည်းငယ် လုပ်ဖို့ အလုပ်ရှာနေတာပါ။ ခင်ဗျားဆီမှာ အလုပ်အကိုင် ရှိနိုင်ကောင်းပါရဲ့။ ကျွန်တော့်အတွက် အလုပ်ပေးနိုင်မလား"
"ရှိတာပေါ့" လို့ အကိုဖြစ်သူက ပြောပါတယ်။ "ခင်ဗျားအတွက် ကျွန်တော်မှာ အလုပ် ရှိပါတယ်။ ချောင်းဟိုဘက်မှာ ရှိတဲ့ လယ်ကွင်းပြင်ကို ကြည့်လိုက်စမ်းပါ။ ဒါဟာ ကျွန်တော်ရဲ့ အခင်းနားချင်းပေါ့။ တကယ်တော့ အဲ့ဒီ အခင်းပိုင်ရှင်ဟာ ကျွန်တော့်ညီငယ် တဦးပါ။
ပြီးခဲ့တဲ့ အပတ်ထိ ကျွန်တော်တို့ အခင်းနှစ်ခု ကြားမှာ ချိုင့်ဝှမ်းတခု ရှိနေခဲ့တယ်။ ကျွန်တော်ညီဟာ မြစ်ကမ်းဘေးရှိ တာတမံကို ဘူဒိုဆာနဲ့ ဖြိုဖျက်ရင်း ချောင်းကလေး ဖြစ်အောင် ပြုလုပ်ခဲ့တယ်။ ဒါဟာ ကျွန်တော့်ကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်တာပဲ ဖြစ်ရမယ်။
ကျွန်တော်ကလည်း သူ့ထက် ပိုကောင်းအောင် အနှောင့်အယှက် ပေးချင်တယ်။ စပါးကျီဘေးမှာ စုပုံထားတဲ့ သစ်သားပုံကို တွေ့တယ်မို့လား။
ကျွန်တော့်အတွက် ရှစ်ပေလောက် မြင့်တဲ့ ခြံစည်းရိုးတခု တည်ဆောက်ပေးစေ ချင်ပါတယ်။ ဒါမှ ကျွန်တော့်ညီရဲ့နေရာကို မမြင်ရတော့မှာ။ သူ့ကိုလည်း တနည်းနည်းနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေတာပေါ့"
လက်သမားဆရာက "ကျွန်တော် နားလည်ပါတယ်ဗျာ။ ကျွန်တော့်ကို သံချောင်းတွေနဲ့ တွင်းတူးဖို့ စက်ကိရိယာတွေ ပေးပါ။ ခင်ဗျား စိတ်ကျေနပ်အောင် ပြုလုပ်ပေးပါမယ်" လို့ ပြောလိုက်ပါတယ်။ အကိုဖြစ်သူဟာ မြို့တက်ပြီး လိုအပ်သည့် ပစ္စည်းများ ဝယ်ယူပါတယ်။
သူဟာ လက်သမားဆရာကို လိုအပ်သည့် ပစ္စည်းများ အဆင်သင့် ဖြစ်အောင် ကူညီပေးပြီးနောက် ကိစ္စတခုကြောင့် ထိုနေ့တနေ့လုံး အိမ်မှ ထွက်သွားရတယ်။ လက်သမားဆရာဟာ ပေကြိုးတိုင်းခြင်း၊ လွှဖြတ်ခြင်း၊ သံရိုက်ခြင်း စသည်ဖြင့် တနေကုန် အလုပ်ရှုပ် နေခဲ့တယ်။
နေဝင်ခါနီး လယ်သမား ပြန်ရောက်တဲ့အခါ လက်သမားဆရာဟာ သူ့အလုပ် အားလုံးကို ပြီးစီးနေပါပြီ။ လယ်သမား ကတော့ မျက်လုံးအစုံ ပြူးကျယ်ရင်း ခေါင်းငိုက်စိုက် ကျသွားတယ်။
အဲဒီမှာက ခြံစည်းရိုးမဟုတ်ဘဲ တံတားတစင်း ရှိနေခဲ့တာပါ။ ချောင်းကလေးကို ဖြတ်ကျော်ရင်း တည်ဆောက်ထားတဲ့ တံတားလေး တစင်းပေါ့။
ကောင်းမွန်လှပတဲ့ လက်ကိုင်တန်းလေးလည်း ပါရှိ ပါသေးတယ်။ သူ့ညီဟာ လက်ကို ဆန့်တန်းရင်း တံတားပေါ် ဖြတ်ကျော်လာတာ တွေ့မြင်လိုက်ပါတယ်။
"အကိုဟာ သိပ်ကို သဘောထား ကြီးတာပဲ။ ကျွန်တော် ပြောဆိုခဲ့၊ လုပ်ကိုင်ခဲ့ သမျှကို လုံးဝ ဗွေမယူဘဲ ခုလို တံတားတစင်း တည်ဆောက် ပေးခဲ့တယ်နော်"
ညီအကိုနှစ်ဦးဟာ တံတားအစွန်း နှစ်ဘက်စီမှ လျှောက်လှမ်းလာ ကြရင်း တံတားအလယ် ရောက်တဲ့အခါ လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။ သူတို့နှစ်ဦး လက်သမားဆရာဘက် လှည့်ကြည့်လိုက်တဲ့အခါ ကိရိယာများ ပါရှိသည့် သေတ္တာကို ကောက်ထမ်းနေကြောင်း တွေ့ရတယ်။
အကိုဖြစ်သူက "ဟို ခဏစောင့်ပါဦးဗျာ။ ရက်အနည်းငယ်လောက် ဆက်နေပေးပါလား။ ကျွန်တော့်မှာ ခင်ဗျားအတွက် အလုပ်တွေ ရှိပါသေးတယ်" လို့ အော်ပြောလိုက်တယ်။ ဒီအခါ လက်သမားဆရာက ပြန်ပြောပါတယ်။
"ကျွန်တော် ဆက်ပြီး နေချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ဆက်သွယ် ပေါင်းကူးပေးရမယ့် တံတားအမြောက်အများ တည်ဆောက်ပေးစရာ ရှိနေပါသေးတယ်ဗျာ" Crd
0 Comments