မြန်မာစကားပုံတွင် "အိုးနှင့်ဆန် တန်ရုံ" ဟူသော စကားလေး တခွန်းသည် သူ့အတိုင်းအတာနှင့်သူ သင့်တင့် လျောက်ပတ်မှုကိုပြောသည်။ တန်ရာတန်ရာလောက်ကိုမမှန်း မတန်မရာကို မှန်းကာ ဘဝပျက်နေကြသလား၊ ဖိနပ်သေးနေသဖြင့် ခြေဖနောင့်ကို ဖြတ်ထည့်နေ ကြသလား။
ပုံပြင်လေးတပုဒ်ကလည်း စဉ်းစားစရာ ဖြစ်သည်။ တနေ့တွင် လူတယောက်သည် ငါးမျှားနေသည်။ တမနက်လုံး တကောင်မျှ မမိသေး။ သူ့လှေအနီးကို အခြားလှေတစီး ချဉ်းကပ်လာသည်။ သူလည်း ငါးမျှားသည့် လှေပင်။
နောက်လှေကလူမှာ ငါးပေါသော နေရာ ဖြစ်သောကြောင့် တကောင်ပြီးတကောင် မိနေသည်။ သို့သော် ပထမ ရောက်နေသည့်သူမှာ တကောင်မျှ ငါးမရသေး။
အဘယ်မှာလျှင် ငါးရနိုင်ပါအံ့နည်း။ သူက ငါးတကောင် ဖမ်းမိတိုင်း အသင့်ရှိနေသော တုတ်လေးနှင့် တိုင်းပြီး ပြန်ကာ လွှတ်နေသည်။
ဘေးလှေမှလူက မနေနိုင်သဖြင့် မေးတော့သည်။
"နောင်ကြီး ငါးကြီးတွေကို ဖမ်းမိသားနဲ့ ဘာဖြစ်လို့ ပြန်လွှတ်နေတာလဲခင်ဗျာ"
"ငါ့ ဟောဒီတုတ်နဲ့ ကျော်နေလို့ ပြန်လွှတ်နေတာ"
"ဘာဖြစ်လို့ ငါးကို တုတ်နဲ့ တိုင်းရတာလဲဗျာ"
"ငါ့အိမ်က ဒယ်အိုးက အဲဒီ တုတ်လောက်ပဲ ကျယ်တာကွ"
ကျွန်တော်တို့လည်း တခါတရံ ထိုငါးဖမ်းသူ ကဲ့သို ဖြစ်တတ်သည်။ တွေးလိုက်သည်မှာ အကြီးကြီး၊ ကြံလိုက်သည်မှာ အကျယ်ကြီး။ သို့သော် ကိုယ့်ဒယ်အိုးလေးက သေးနေသဖြင့် ပစ်ချခဲ့ရသော စိတ်ကူးတွေ အိုင်ဒီယာတွေ များစွာ ရှိနိုင်သည်။ အိမ်မက်နှင့် လက်တွေ့သည် တထပ်တည်း ကျခဲသည်။
အိမ်မက်တွေက ကြီးနေသော်လည်း လက်တွေ့ ဘဝထဲတွင် အကောင်အထည် ဖော်ရန် မဖြစ်နိုင်သောကြောင့် ဒယ်အိုးကိုပဲ အပြစ်တင်ရမလား၊ ငါးကိုပဲ အပြစ် တင်ရမလား မသိအောင် ဖြစ်ခဲ့ရသည့် အချိန်ကာလတွေ ရှိနိုင်သည်။
သို့သော် ငါးမျှားသူကဲ့သို့ အရာရာကို စံဖြင့်တိုင်းကာ လွှင့်မပစ်သင့်။ "ငါးကြီးလျှင် အပိုင်းပိုင်းဖြတ်ကာ ကြော်နိုင်သည်" ဆိုသည့် စိတ်ကူးလေးတော့ ရှိရန် လိုသည်။
အဆိုလေးတခုရှိသည်။ "တွေးလို့ လူဖြစ်နေတာလား၊ လူဖြစ်လို့ တွေးနေတာလား" တဲ့။ တွေးသည့် အတိုင်း မဖြစ်လျှင်၊ ဖြစ်သည့်အတိုင်း တွေးနိုင်မှ လူပီသ ပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် လူဆိုသည်မှာ အခြားသော သတ္တလောကသားများထက် မဖြစ် ဖြစ်အောင် အားထုတ်လုပ်ဆောင်၊ တီထွင်ကြံဆ ကြိုးပမ်းတတ်ကြသော သူများ ဖြစ်သောကြောင့်ပင်။
ထို့ကြောင့် အကြီးကြီးတွေးပါ၊ အမြင့်ကြီး စိတ်ကူးပါ၊ ရလဒ်ကိုလည်း အကောင်းဆုံး စိတ်ကူးထားလိုက်ပါ။ ကိုယ့်မှာရှိသော အိုးကို အဘယ်ကြောင့် ငဲ့ကွက်ကာ ထည့်တွက် နေရမည်နည်း။
ငါးရရန် အရေးကြီးသည်။ ငါးမရ ရေးချိုး ပြန်မည့် စိတ်ကူးလည်း ထည့်မထားလိုက်ပါနှင့်။ လွတ်သည့်ငါး ကြီးသည်ဆိုသော ထုံးကိုလည်း နှလုံး မမူလိုက် ပါနှင့်။
ရသည့်ငါးကို မည်သို့ ချက်ပြုတ်စားသောက်မည် ဆိုခြင်းကိုသာ တွေးထားရန် လိုသည်။ ငါ့မှာရှိတဲ့ အိုးက သေးသည်ဆိုကာ ငါးကို လွှင့်ပစ်ရန် မလိုပါ။ အိုးကြီးကြီးကို ဘယ်ကရနိုင်မည်နည်း ဆိုသည်ကိုလည်း တွေးနိုင်ရမည်။ နောက်ဆုံး ငါးကို ခုတ်ထစ်ကာ ပိုင်းလိုက်ရုံသာ ဖြစ်သည်။
မဖြစ်နိုင်သည်ကို တွေးပြီး စိတ်ဆင်းရဲနေခြင်းမှာ ရှေ့ဆက်ရမည့် ခရီးကို နှောင့်နှေးစေသည်။ အခက်အခဲတွေ၊ အကျပ်အတည်းတွေကို အားလုံး ခါးစည်းခံနေ ကြရချိန်တွင် ရောက်တဲ့အရပ်မှာ ပျော်အောင်နေ၊ ရှိတာလေးနဲ့ ဝအောင်စား လှအောင်ဝတ်ကာ ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားကြရန်သာ ဖြစ်သည်။
သို့သော် စိတ်ဓာတ်တွေ ခံယူချက်တွေ ကိုတော့ ငါ့အိုးကသေးပါတယ်လေ ဆိုကာ ရသောငါးကို ကြီးသည်ဆိုပြီး လွှင့်မပစ်လိုက်ရန် လိုသည်။ ဖြစ်သင့်သည်မှာ သေးသောငါးကို ပြန်လွှတ်ချင် လွှတ်ပါ မိထားသော ငါးကြီးကြီးကို ဆုပ်ထားပါ။
ကိုယ့်အိုးကသေးလည်း အိုးနဲ့ဆီ တန်သလောက်ယူကာ အိမ်နီးချင်း များကို မျှဝေပေးနိုင်အောင် ကြိုးစားပါ။ ဖိနပ်မတော်သောကြောင့် ခြေထောက်ဖြတ်မှာလား၊ ဖိနပ်နှင့် ခြေထောက် တော်သူကို ဖိနပ်ပေးမှာလား။ တင်ညွန့်
0 Comments