တခါတုန်းက ဉာဏ်ပညာ ထက်မြက်ပြီး အတွေ့အကြုံ ကြွယ်ဝတဲ့ ပညာရှိကြီး တဦး ရှိပါတယ်။ သူဟာ တနေ့မှာတော့ အိမ်မီးလောင်ပြီး ပိုင်ဆိုင် သမျှ အရာရာကို ဆုံးရှုံးသွားလို့ စိတ်ပျက် အားလျော့စွာနဲ့ ဝမ်းနည်းပူဆွေးပြီး ငိုကြွေးနေတဲ့ လူငယ်တယောက်ဆီ ရောက်လာပါတယ်။
ပညာရှိကြီးက ထိုလူငယ်ကို ရေတဖန်ခွက် သွားယူခိုင်ပြီး ဆားတဆုပ်ကိုလည်း ယူလာခိုင်းပါတယ်။ ရေဖန်ခွက်ထဲကို ဆားတဆုပ် ထည့်လိုက်ပြီး ရောမွှေလိုက်ကာ လူငယ်ကို သောက်စေပါတယ်။
ပြီးတော့ ဘယ်လို အရသာမျိုး ရှိသလဲလို့ မေးတဲ့အခါ ထိုလူငယ်က ခါးတူးနေအောင် ငံပါတယ်လို့ ပြန်ဖြေပါတယ်။ ဒီတော့ ပညာရှိကြီးက အသာပြုံးလိုက်ရင်း ထိုသူကို ဆားတဆုပ် ယူလာခဲ့ပါလို့ ခိုင်းလိုက်ပြီး သူနဲ့အတူ လမ်းလျှောက်ဖို့ မြို့ပြင် ဘက်ကို ခေါ်လာခဲ့ ပါတယ်။
မြို့ အပြင်ဘက်ကို လမ်းလျှောက်လာကြရင်း အလွန် ကျယ်ပြန့်ပြီး ကြည်လင်လှတဲ့ ရေကန်ကြီးတကန်နား ရောက်လာကြပါတယ်။ ဒီအခါမှာ ပညာရှိကြီးက ထိုလူငယ် လက်ထဲမှာ ပါလာတဲ့ ဆားတဆုပ်ကို ရေကန်ထဲ ပစ်ထည့်ခိုင်း လိုက်ပါတယ်။
ပြီးတော့ လူငယ်ကို "ကဲ အခု ကန်ထဲက ရေကို သောက်ကြည့်ပါဦး" လို့ ခိုင်းလိုက်တယ်။ ထိုလူငယ်ကလည်း ရေကန်ထဲက ရေကို လက်ခုပ်နဲ့ ခပ်ယူပြီး သောက်လိုက်ပါတယ်။
ပညာရှိ ကြီးက လူငယ် ရေသောက်ပြီးတဲ့အခါ "အခုရော ကန်ထဲက ရေက ဘယ်လို အရသာရှိသလဲ" လို့ မေးလိုက်ပါတယ်။
ဒီတော့ လူငယ်က လတ်ဆတ်ပြီး ချိုမြတဲ့ သောက်ရေရဲ့ နဂို အရသာအတိုင်းပါဘဲ" လို့ ပြန်ဖြေပါတယ်။ "စောစောတုန်းက ရေခွက်ထဲကို ဆားထည့်ပြီး သောက်လိုက်သလို ငံသေးရဲ့လား" လို့ မေးပြန်တဲ့ အခါ "မငံတော့ပါဘူး" လို့ လူငယ်က ပြန်ဖြေလိုက်ပါတယ်။
ဒီတော့မှ ပညာရှိကြီးဟာ လူငယ်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီး ပုခုံးကို အသာအယာ ပုတ်လိုက်ကာ "ငါတို့ ဘဝတွေရဲ့ ထိခိုက်နာကျင်မှု ဆုံးရှုံးခါးသီးမှုတွေဟာ ဘာနဲ့တူသလဲ ဆိုရင် ဆားနဲ့ တူတယ်။
ဘဝမှာ ကြုံလာတဲ့ နာကျင် ဆုံးရှုံးမှုတွေကို ခံစားရတဲ့ အတိုင်းအတာဟာ မင်းက ဘယ်လိုခွက်မျိုးနဲ့ ခံယူမလဲ ဆိုတာနဲ့ဘဲသက်ဆိုင်တယ်။ မင်းက ခွက်သေးသေးနဲ့ ခံယူမယ် ဆိုရင် ထိခိုက်ဆုံးရှုံးမှု သိပ်ကို ကြီးမားတယ်လို့ မင်းထင်လိမ့်မယ်။
ရေကန်လို ကျယ်ပြန့်လှတဲ့ ခွက်ကြီးကြီးနဲ့ ခံယူမယ်ဆိုရင် အဲဒီဆုံးရှုံးမှု စိတ်ထိခိုက် နာကျင်မှုတွေဟာ ဘာမှ ပြောပလောက်တဲ့ ဆုံးရှုံးမှု ထိခိုက်နာကျင်မှု မဟုတ်တော့ဘူးပေါ့။
ဒီတော့ ဘဝမှာ ထိခိုက် ဆုံးရှုံးမှုတွေ နာကျင်ခါးသီးတာတွေ ကြုံလာတိုင်း ခွက်ကြီးကြီးနဲ့ ခံယူနိုင်အောင် ကြိုးစားပါ။ ကိုယ့်ကိုယ်ကို ဖန်ခွက်တလုံး မဖြစ်စေပါနဲ့။ ရေကန် တကန်အဖြစ် ပြောင်းလဲ ကျင့်ကြံလိုက်ပါ။
ဒီလိုဆိုရင် နာကျင် ခံစားနေရတာတွေဟာ ရေကန်ထဲ ရောက်သွားတဲ့ ဆားတဆုပ်လို လျော့ပါး သက်သာသွားပါလိမ့်မယ် လို့ပြောလိုက်ပါတော့တယ်။ Crd
0 Comments