အဖွားအိုနှင့် ကြက်ဖကြီး

တခါက ကြက်တွန်တိုင်း အိပ်ယာထလေ့ ရှိတဲ့ အဘွားအို တယောက် ရှိပါသတဲ့။ အဘွားအိုဟာ အလုပ်ကို အလွန် မြတ်နိုးတယ်။ သူ့လိုပဲ သူ့ရဲ့ အလုပ်သမားတွေအားလုံး ကိုလည်း အလုပ်ကို မြတ်နိုးစေချင်တဲ့ ဆန္ဒလည်း သူ့မှာ ရှိတယ်။

ဒါကြောင့် အဘွားအိုဟာ လင်းကြက်တွန်သံ ကြားတယ် ဆိုရင် အိပ်ရာကနေ ဝုန်းကနဲ ထပြီး ပုခုံးတင် စောင်ကလေး ကိုပတ်၊ ခြေညှပ်ဖိနပ်ကို စီးပြီး သူ့အလုပ်သမားတွေ အိပ်တဲ့ အခန်းကို သွားတော့တယ်။

"ထကြဟေ့၊ ထကြတော့။ ကြက်တွန်သံကို မကြားကြဘူးလား ငပျင်းတွေရဲ့။ အဝတ်အစား မြန်မြန်လဲ။ အလုပ် လုပ်ကြတော့" လို့ အဘွားအိုက ဆိုတယ်။

အိပ်ချင်မူးတူး ဖြစ်ပြီး ပျင်းရိနေကြတဲ့ အလုပ်သမားတွေဟာ အဘွားအိုကို မနက်စောစော လာနှိုးတာကို မကျေနပ်ကြဘူး။သူတို့က အလုပ်ကိုလည်း မခုံမင်ကြ ဘူး။ သူတို့ဟာ အိပ်ရာထဲမှာဘဲ အကြာကြီး လှဲနေချင် ကြသေးတယ်။

"ဒီလို ဖြစ်ရတာဟာ မုန်းစရာကောင်းတဲ့ ကြက်ဖရဲ့ အမှားကြောင့်ဘဲ။ ကြက်ဖသာ မနက်စောစော မတွန်ဘူး ဆိုရင် အဘွားကြီးလည်း အိပ်ယာကနိုးမှာ မဟုတ်ဘူး။

အဘွားကြီး မနိုးရင် ငါတို့ အခန်းကို လာပြီး နှိုးမှာလည်း မဟုတ်ဘူး။ ဒီကြက်ဖကို မုန်းလိုက်တာကွာ" လို့ အလုပ်သမား တယောက်က မကျေမနပ်နဲ့ ဆိုတယ်။

"ကဲ ဒါဆိုလည်း မုန်းစရာ ကောင်းတဲ့ ကြက်ဖကို သတ်ပစ်ကြစို့။ အဲဒီကြက်ဖကို သတ်ပြီး အဘွားကြီး မသိအောင် မြေမြှုပ် ပစ်လိုက်ရင် ရတယ်။ ကြက်ဖ အခိုးခံရတယ် လို့ဘဲ အဘွားကြီးက ထင်မှာကွ" လို့ နောက်တယောက်က ရက်ရက်စက်စက် ဆိုပါတယ်။

ဒီလိုနဲ့ သူတို့တတွေဟာ ကြက်ဖကို သတ်ဖို့ အစီအစဉ်တွေ ဆွဲကြတယ်။ အဲဒီညမှာဘဲ အလုပ်သမားတွေထဲက တယောက်ဟာ ကြက်ဖကို ခိုးထုတ်ပြီး သတ်ပစ်လိုက်တယ်။ ပြီးတော့ ဥယျာဉ်ထဲက နံရံတခုနားမှာ မြှုပ်ပစ်လိုက်တယ်။

ကြက်ဖ ပျောက်သွားပြီ ဆိုတာလည်း သိရော အဘွားအိုက အလွန် ဝမ်းနည်းသွားတယ်။ သူ့ကြက်ဖကို သူခိုး ခိုးသွားပြီလို့ ထင်နေတယ်။ "အခု ငါကို နှိုးမယ့်ကြက်ဖ မရှိတော့ မိုးလင်းချိန်ကို ဘယ်လိုများ သိရပါ့မလဲ" လို့ အဘွားအိုက တွေးနေမိတယ်။

ကြက်ဖ အသတ်ခံလိုက်ရတာကို အဘွားအိုဟာ လုံးဝ မသိခဲ့ပေမယ့် အလုပ်သမားတွေ ကိုတော့ အပြစ်မပေးပါဘူး။

ဒါပေမယ့် အဘွားအိုဟာ အအိပ်လွန်သွားမှာ စိုးရိမ်တဲ့ အတွက် အရုဏ်မတက်ချိန် အစောကြီး ကတည်းက နိုးနေခဲ့တယ်။ သူဟာ နိုးတာနဲ့ ပုခုံးတင် စောင်အနီးလေးကို ပတ်၊ ခြေညှပ်ဖိနပ်ကို စီးပြီး သူ့အလုပ်သမားတွေကို သွားနှိုးတော့တာဘဲ။

တခါတလေ သူသန်းခေါင်ကျော် အိပ်ရာ နိုးလာလည်း အလုပ်သမားတွေကို သွားနှိုးတော့တာ ပါဘဲ။ အလုပ်သမားတွေဟာ မကျေမနပ် ဖြစ်ကြပေမယ့် အိပ်ရာကထ အဝတ်အစားလဲ၊ အောက်ထပ်ကို ဆင်းပြီး အလုပ် လုပ်ရတာပါဘဲ။

တညမှာတော့ အဘွားအိုဟာ ခါတိုင်းနိုးနေကျ အချိန်ထက် အစောကြီး နိုးလာပြီး သူတို့ကို လာနှိုးတာမို့ ကြက်ဖကြီးကို သတ်မိတဲ့ အတွက် သူတို့ဟာ အလွန် ဝမ်းနည်လာကြ မိတယ်။

"ဒီလို ဖြစ်တာဟာ ငါတို့ရဲ့ ပျင်းရိမှုနဲ့ ရက်စက်မှုကြောင့် ဒဏ်ပေးခံရတာပဲ။ ကြက်ဖကို ဘာမှ အနာတရ ဖြစ်အောင် မလုပ်ခဲ့ဘူး ဆိုရင် ငါတို့ အများကြီး သက်သာမှာ။

အခု အိပ်ချိန်တွေထက် ပိုပြီး ညမှာ အိပ်နိုင်ကြမှာ။ ဟို စောစော ကာလကတည်း အလုပ်ကို ကြိုးစားလုပ်ပြီး ငါတို့ စိတ်ဓါတ်တွေကို ပြုပြင်သင့်တယ်" လို့ ဆိုပြီး အလုပ်သမားတွေဟာ နောင်တရနေ ပါတော့တယ်။ Crd

Post a Comment

0 Comments