ကံဉာဏ်ဝီရိယ မျှတမှ

တခါတုန်းက သူငယ်ချင်း သုံးယောက် ရှိတယ်။ ကံတရားကို ယုံကြည်သူရယ်၊ ဉာဏ်ကို အားထားသူရယ်၊ ဝီရိယကို အားကိုးသူရယ်။ သူတို့ဟာ ကိုယ်ယုံကြည်ရာ အားကိုးအားထား ပြုရာကိုသာ ယုံကြည်ပြီး တယောက်နဲ့ တယောက် ငြင်းခုန်လေ့ ရှိကြတယ်။

စကားနိုင် လုကြပြီး အနိုင်မခံ အရှုံးမပေး ပြောဆို ဆွေးနွေးကြရင်း ပညာရှိအဘိုးအို တယောက်ထံတွင် ဘယ်သူဘယ်ဝါရဲ့ ခံယူမှုက အကောင်းဆုံး အမှန်ကန်ဆုံးလဲလို့ ဆုံးဖြတ်ပေးဖို့ မေးမြန်းပြောဆို လေတယ်။

ပညာရှိ အဘိုးအိုက သူတို့ သုံးယောက်ကို တောလမ်းတခုကို ညွှန်ပြပြီး အတူတကွ ခရီးတခု သွားဖို့ စေလွှတ်လိုက်တယ်။ ကံ၊ဉာဏ်၊ ဝီရိယ သူငယ်ချင်း သုံးဦးလည်း အတူတကွ ခရီးထွက်လာ ကြတာပေါ့။ အဲ့ဒီလိုနဲ့ ခရီးက ရှည်ကြာလာတဲ့အခါ ဆာလောင်တဲ့ ဝေဒနာကို ခံစားလာ ရတော့တယ်။

မောင်ကံ ကတော့ ကံကောင်းလို့ ကံကြုံရင် စားစရာ တခုခုနဲ့ ကြုံကြိုက်ရင်တော့ စားရမှာပဲ လို့ တွေးတယ်။ ဝီရိယသမားကတော့ စားစရာ တခုခု တွေ့မလားလို့ သွားရာ လမ်းတလျှောက် စူးစိုက် ဝီရိယထားပြီး ရှာဖွေနေတော့တယ်။ ဉာဏ်သမားကတော့ စားစရာကို ဘယ်က ဘယ်လို ဒီတောတောင်ထဲမှာ ရနိုင်မလဲလို့ စဉ်းစားတွေးခေါ် အကြံထုတ်တယ်။

အဲဒီမှာ ကျီးငှက်အုပ်စု တစုရဲ့ အော်သံကို ကြားလေတယ်။ ဉာဏ်သမားက တွေးတယ်။ ကျီးငှက်တွေဟာ စားစရာ တစုံတခုကို တွေ့ရှိရင် အသံပေးတတ်ပြီး အုပ်စုနဲ့ စားသောက်နေတတ်ပြီး ဆူညံလေ့ ရှိတယ်။ ဒီကျီးငှက်အုပ်စု ရှိရာနေရာမှာ စားစရာ တစုံတခု ရှိနေမှာ အသေအချာပဲ လို့ တွေးမိတယ်။

သူ့အတွေးကို ကံနဲ့ ဝီရိယကို ပြောပြတဲ့ အခါ၊ ဝီရိယသမားက သွားကြည့်လို့ စားစရာ ရှိနေမယ် ဆိုရင် သူတို့အတွက် စားစရာ ရပြီး မရှိတော့လည်း အရင်းပဲလို့ ပြောကာ သူသွားကြည့်မယ် ဒီနေရာက စောင့်နေပါလို့ မှာကြားကာ ကျီးငှက်တွေ စုဝေးရာကို ထွက်သွားလေတယ်။

ကျီးငှက်တွေ စုဝေးရာ အရပ်တွင် မုဆိုးတို့ သားကောင်လိုက်ရင်း အမဲဖြတ်ရာက ကျန်ရှိနေသော အမဲသားတစ်တို့ပေါ် ကျေးငှက်တို့ ပျံဝဲ အော်မြည်နေကြတာကို တွေ့တယ်။

ဝီရိယသမားလည်း စားလို့ရမဲ့ အမဲသားတစ် တို့ကို ယူကာ မုဆိုးတို့အသုံးပြု ကြွင်းကျန်ခဲ့တဲ့ မီးဖိုမီးသွေးတို့ကို အသုံးပြု ကင်ကာ စားသောက်ပြီးရင် အသားကင်တို့ကို ကံနဲ့ ဉာဏ်သမားတို့အတွက် ယူဆောင် လာလေတော့တယ်။

ကံသမားက အသားကင်ကို စားရခြင်းမှာ စားရကံ ကြုံလို့ စားရတာပဲလို့ မှတ်ယူပြီး၊ ဉာဏ်သမားက သူ့ မြော်မြင်နိုင်စွမ်း ဉာဏ်ကြောင့်သာ အစာရှာနိုင်တာ ဖြစ်တယ် လို့ ပြောတယ်။ ဝီရိယ သမား က သူ့ရဲ့ဝီရိယ စိုက်ထုတ်အားကြောင့် စားစရာ ရခြင်း ဖြစ်တယ် လို့ ပြောတယ်။

အဲဒီလိုနဲ့ သူတို့ကတော့ မိမိယုံကြည်ရာကို ပြောဆို ငြင်းခုန်ကြဆဲ ပါပဲ။ သူတို့ ယုံကြည်ရာကလည်း မှန်ကန်နေတာကိုး။

ဒီပုံပြင်လေးကိုတော့ ဒီနေရာမှာပဲ အဆုံးသတ်ပါရစေ။ ကျနော်တို့ ပတ်ဝန်းကျင် ရှင်သန်ရာ လောကမှာလည်း ကံကိုချည်း ယုံနေလို့၊ ပုံချနေလို့ မရပါဘူး။

ကံမကောင်းလို့ ရှုံးတာ၊ ကံကောင်းလို့ အောင်မြင်တာလို့ တရားသေမှတ်ယူလို့ မရပါဘူး။ ဉာဏ်အမြော်အမြင်၊ လုံ့လဝီရိယ ကြိုးစား အားထုတ်မှုလည်း လိုအပ်ပါတယ်။

ကြိုးစားအားထုတ်မှု မပါဘဲ ဉာဏ်အမြော်အမြင် တွေးခေါ်နေရုံ နဲ့လည်း တခုခုကို အောင်မြင်ဖို့ စွမ်းဆောင်ရည် နည်းပါလိမ့်မယ်။

ဉာဏ်အမြော်အမြင် မရှိဘဲ တုံးတိုက် အားထုတ်လုံ့လ ဝီရိယ ပြုမှုတွင်လည်း အောင်မြင်သင့်သလောက် မအောင်မြင် စွမ်းနိုင်သလောက် မဆောင်ရွက်နိုင် ဖြစ်ထွန်းသင့်သလောက် မရှင်သန်နိုင်တာ ရှိပါလိမ့်မယ်။ ဒါကြောင့် ကံ၊ ဉာဏ်၊ ဝီရိယ သုံးပါး ညီညွတ် မျှတာစွာ အသုံးပြု ဆောင်ရွက်သင့်ပါတယ်။ Crd

Post a Comment

0 Comments