တခါက အမျိုးသား တဦးသည် ကြံစည်းကို ထမ်းပြီး ကြံတချောင်းကို ကိုက်စား၍ လမ်းလျှောက်ကာ အိမ်သို့ ပြန်လာ၏။ သူ၏ နောက်တွင် လူကြီးတဦးနှင့် ကလေးငယ် တယောက်လည်း ကပ်၍ လိုက်ပါလာသည်။
ကလေးငယ်က ကြံစားချင်သောကြောင့် ငိုယို၍ "ကြံ စားချင်တယ်၊ ကြံ ပေးပါ" ဟု အော်တောင်းလေ၏။ ထိုအခါ လူကြီးက
"မိတ်ဆွေ ကလေးကို ကြံတပိုင်းလောက် ပေးလိုက်ပါဗျာ" ဟု ပြောလေ ၏။ ကြံစည်းပိုင်ရှင်လည်း မပေးချင် ပေးချင်ဖြင့် ကြံတပိုင်း ကို နောက်ပြန် ပစ်ပြီး ပေးလိုက်သည်။
ထို့နောက်မှာ ကြံစည်းပိုင်ရှင် သေလွန်သည့်အခါ အလွန်ကျယ်ဝန်း ကြံညိုတောကြီးကို အပိုင်စားရသည့် ပြိတ္တာတဦး ဖြစ်လာ၏။ သို့ရာတွင် သူသည် ကြံခင်းထဲက ကြံများကို ယူစား၍ မရပါ။
ကြံချိုးရန် အနားသို့ ရောက်သွားတိုင်း ကြံချောင်းများက ယိမ်းနွဲ့ပြီး သူ့ကို ပြန်ရိုက်ကြ၏။ မည်မျှပင် ကြိုးစားသော်လည်း ယူ၍ မရပေ။ ဤသို့ဖြင့် သူသည် ကြံတောကြီးကို ပိုင်ဆိုင်ထားသော်လည်း ကြံများကို မစားရဘဲ နေရရှာလေသည်။
တနေ့တွင် အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် ရာဇဂြိုဟ်မြို့ သို့ ဆွမ်းခံကြွလာ၏။ "ကြံခင်းပိုင်ရှင် ပြိတ္တာက မထေရ်မြတ်ကို မြင်သည့်အခါ
"အရှင်ဘုရား တပည့်တော်မှာ စားသောက်၍ မကုန်နိုင်အောင် ကျယ်ဝန်းလှသည့် ကြံတောကြီး ရှိပါတယ်။ ဒါပေမဲ့ ဘယ်လိုမှ ချိုးယူစားသောက်လို့ မရပါဘုရား။
အားတွေလည်း ပြတ်နေပါပြီ ဘုရား။ ခန္ဓာကိုယ်ကလည်း အလွန် ပူလောင်နေပါတယ် ဘုရား။ ဆင်းရဲဒုက္ခ ရောက်ပြီး အမြဲမပြတ် အော်ဟစ်နေရပါတယ်။ ဘာကြောင့် ကြံတွေကို ချိုးယူစားသောက်လို့ မရပါသလဲ။
ဒီလို ဖြစ်နေရတာ ဘယ်လို အကုသိုလ်မျိုးကို ပြုလုပ်ခဲ့မိလို့ ပါလဲ ဘုရား၊ တပည့်တော် နားလည်အောင် သေသေချာချာ ရှင်းပြပေးပါဘုရား" ဟူ၍ မေးလျှောက်လေ၏။
ထိုအခါ မထေရ်မြတ်က "သင်ဟာ လူ့ဘဝတုန်းက ကြံစားရင်း လမ်းလျှောက်သွားစဉ်မှာ ကလေးငယ် တယောက်က ငိုယိုပြီး ကြံကို တောင်းတယ်။ လူကြီးတယောက်ကလည်း ကလေးငိုနေတာကို မကြည့်ရက်လို့ သင့်ထံက ကြံကို တောင်းပေးခဲ့တယ်။
သင်က မပေးချင်ပေးချင်နဲ့ ကြံတပိုင်းကို နောက်ပြန်ပစ်ပြီး ပေးခဲ့တယ်။ အဲဒီလို နောက်ပြန် ပစ်ပြီးပေးခဲ့တဲ့ မကောင်းမှု ကံကြောင့် အခုလို ဖြစ်ရတာ" ဟု ပြောကြားလေ၏။
မထေရ်မြတ်က ဆက်လက်၍ "သင် ကြံကို ပေးခဲ့တဲ့ အတိုင်း နောက်ပြန် ဆွဲနှုတ်ရင် သင်အလိုရှိတဲ့ ကြံကို သုံးဆောင်ရ ပါလိမ့်မယ်" ဟု မိန့်ကြားတော်မူ၏။
ကြံခင်းပိုင်ရှင် ပြိတ္တာလည်း အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ် ပြောသည့်အတိုင်း ကြံကို နောက်ပြန် နှုတ်ယူပြီး စိတ်ကြိုက်စားသောက်၏။ မထေရ်မြတ်အားလည်း ကြံစည်းကြီးကို ကပ်လှူလိုက်သည်။
ထိုအခါ မထေရ်မြတ်သည် ကြံစည်းကြီးကို မြတ်စွာဘုရားရှင်နှင့် တကွ ရဟန်းသံဃာတော်များအား လှူဒါန်းရန် တိုက်တွန်းခဲ့သည်။
ထို့ကြောင့် ကြံခင်းပိုင်ရှင်ပြိတ္တာသည် ကြံစည်းကြီးကို ထမ်းကာ မထေရ်မြတ်နောက်မှ မြတ်စွာဘုရားရှင် သီတင်းသုံးတော် မူရာ ဝေဠုဝန်ကျောင်းတော်သို့ လိုက်သွား၍ ကြံစည်းကြီးကို လှူဒါန်းလေသည်။
ပြိတ္တာသည် မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်များကို နာယူပြီး ဘုရားရှင်ကို ရှိခိုးဦးချပြီး ပြန်လာခဲ့၏။
ထို့နေ့မှ စ၍ ကြံခင်းပိုင်ရှင် ပြိတ္တာလည်း ကြံများကို စိတ်ကြိုက် ချိုးယူစားသောက် နိုင်တော့၏။ ကြံခင်းပိုင်ရှင် ပြိတ္တာသည် ထိုဘဝမှ ကွယ်လွန်ပြီးသောအခါ တာဝတိံသာနတ်ပြည်၌ နတ်သားဖြစ်သွားလေသည်။ Crd
0 Comments