တခါတုန်းက ရွာတရွာမှာ ထင်ရှားကျော်ကြားတဲ့ တွက်ချက်မှု အတွေးအခေါ် ပညာရှင်ကြီးတယောက် ရှိတယ်။ သူဟာ တော်လွန်းလို့ ဘုရင်ကတောင် ခေါ်ယူတိုင်ပင် ရတယ်။
တနေ့မှာ ရွာသူကြီးက သူ့အိမ်ကို လာလည်ရင်း အခုလို ပြောတယ်။ "ခင်ဗျားကသာ ဘုရင်ရဲ့ အတိုင်ပင်ခံလို ဖြစ်နေတာ ခင်ဗျားရဲ့ သားကတော့ ရွှေနဲ့ငွေမှာ ဘယ်ဟာက ပိုအဖိုးတန် မှန်းတောင် မသိဘူး။ ထူလိုက် အ လိုက်တာ လွန်ရောဗျာ" တဲ့။
နောက်ပိုင်းမှာလည်း နေ့စဉ်ရက်ဆက် အဲဒီစကားကို ကျန်တဲ့ ရွာလူကြီးတွေ ရှေ့မှာ ပြောပြီး စနောက်နေလို့ တွက်ချက်မှုအတွေးအခေါ်ပညာရှင်ဟာ တွေးစရာ ဖြစ်လာပါတော့တယ်။
ဒါကြောင့် သူ့သားကို မေးတယ်။
"သား ရွှေနဲ့ငွေ ဘယ်ဟာက ပိုပြီး အဖိုးတန်သလဲ"
"ရွှေပါ အဖေ"
"ဒါဆိုရင် မင်းက ဘာလို့ ရွာလူကြီးကို ငွေက ပိုအဖိုးတန်တယ်လို့ သား ဘာကြောင့် ပြောခဲ့တာလဲ"
"ဒီလိုပါဖေဖေ။ သူကြီးအိမ်ရှေ့ ဖြတ်တိုင်း သူကြီးက သားကို အိမ်ပေါ် ခေါ်တယ်။ ပြီးရင် သူက လက်ဖဝါး တဖက်ပေါ်မှာ ရွှေဒင်္ဂါးတပြားနဲ့ နောက်လက်ဖဝါးပေါ်မှာ ငွေဒင်္ဂါးတပြားကို တင်ထားပြီး ပိုတန်ဖိုးကြီးတာကို ယူလို့ ပြောလို့ ငွေဒင်္ဂါးပြားကို ယူပြီး အိမ်ပေါ်က ဆင်းလာတယ်။
သူကြီးနဲ့ ရွာလူကြီးတွေ တဟားဟားနဲ့ ရယ်မော ကျန်ရစ်နေ ခဲ့ကြတယ်။ နေ့တိုင်း သူကြီးက ရွှေနဲ့ငွေ တန်ဖိုးကြီးတာကို ရွေးခိုင်းပြီး ရယ်စရာ လုပ်နေကြတယ်"
"ရွှေက တန်ဖိုးပိုကြီးမှန်း သိရက်သားနဲ့ သားကရော ဘာကြောင့် ငွေဒင်္ဂါးတွေကိုပဲ ရွေးချယ်ရတာလဲ"
"သားအခန်းထဲကို ခဏလိုက်ခဲ့ပါ။ ပြစရာ ရှိလို့ပါ"
ဖခင်ဖြစ်သူဟာ သားဖြစ်သူရဲ့ အခန်းထဲကို လိုက်သွားတယ်။ သားက သူ့ကုတင် အောက်က သေတ္တာတလုံးကို ဆွဲထုတ်လိုက်ပြီး အဖုံးကို ဖွင့်ပြလိုက်တယ်။ သေတ္တာထဲမှာ ငွေဒင်္ဂါးအပြား တရာလောက် ရှိမယ်။
သားဖြစ်သူက သူ့အဖေကို လှည့်ကြည့်ရင်း အခုလို ပြောလိုက်တယ်။ "တကယ်လို့ သားကသာ ရွှေဒင်္ဂါးပြားကို ရွေးချယ်လိုက်ရင် ပထမနေ့မှာပဲ ပွဲပြီးသွားမှာပေါ့။ သူကြီးက ရွှေဒင်္ဂါးပြားကို နောက်ရက် ဘယ်ပေးပါတော့မလဲ"
တကယ့် လူလည်တွေဟာ "လူအ" လို ဟန်ဆောင်တတ် ကြပါတယ်။ သူတို့ကို "လူအ" လို့ ထင်နေကြသူတွေကို ပိုလိမ်လို့ လွယ်ကူပါတယ်။ Crd
0 Comments