ခိုးစားသူနှင့် ရိုးသားသူ

တခါတုန်းက ရွာတရွာရဲ့ အနီးအနား တောအုပ်လေး တခုမှာ ကျီးကန်းတကောင်နဲ့ ဗျိုင်း တကောင်ဟာ အဆွေခင်ပွန်း ဖွဲ့ပြီးနေထိုင် ကြပါတယ်။

သူတို့နှစ်ဦးဟာ မနက်ဆို အစာရှာ ထွက်ပြီး ညနေဆို ပြန်လာ ကြပါတယ်။ ဗျိုင်းက မြစ်ချောင်းတွေမှာ အစာရှာ ထွက်ပါတယ်။ ကျီးကန်းကတော့ အနီးအနားက ရွာမှာပဲ အစာရှာ ထွက်ပါတယ်။

ဗျိုင်းက အစာကို မြစ်ချောင်းဝမှာ အကြာကြီး ထိုင်စောင့်ပြီးမှ ရတယ်။ တချို့နေ့တွေ မှာဆို ငါးမရလို့ အစား မစားရတဲ့ နေ့တွေလည်း ရှိခဲ့တယ်။

ကျီးကန်းကျတော့ ဗျိုင်းနဲ့ မတူပါဘူး အစာရေစာ ပေါပါတယ်။ ရွာထဲက အိမ်တွေ အပြင်ထုတ် လှန်းတဲ့ ပဲတွေ၊ စပါးတွေ၊ ငါးတွေ အခြားစားစရာ တွေကို လစ်ရင် လစ်သလို သုတ်ချီ သွားတယ်။ ဗျိုင်းလို အဝေးကြီးမှာ ရှာစရာ မလိုဘူးပေါ့။

ဒီလိုနဲ့ တနေ့မှာ အစာရှာ မထွက်ခင် ကျီးကန်းက "အဆွေ ဗျိုင်း သင့်ကို ကြည့်ရတာ အရမ်းပင်ပန်းလိုက်တာ ဆည်ဝမှာ ငါးတွေစောင့်ရလွန်းလို့ ထင်တယ် လည်းပင်းတောင် ခါတိုင်းထက် ပိုရှည်လာသလိုပဲ။

ငါဆိုရင် ဘယ်လောက် သက်သာသလဲ အစာတွေ ကလည်းပေါ လုံးဝဇိမ်ပဲကွာ။ အသင့်ကို သနားလိုက်ပါဘိ" လို့ ပြောသတဲ့။ ဒီအခါမှာ ဗျိုင်းက

"အဆွေ ကျီးကန်းက ငါ့ကို ကရုဏာ ဖြစ်တာ သိရလို့ ဝမ်းသာပါတယ်။ ဒါပေမယ့် ကျုပ်ဟာ ငတ်တလှည့် ပြတ်တလှည့် ဖြစ်ပေမယ့် သမာအာဇိဝကျကျ ရှာစားရလို့ စိတ်ချမ်းသာသလို အန္တရာယ်လည်း ကင်းတယ်။

အသင် ကျီးကန်းက ခိုးဝှက် စားသောက်ရလို့ အသက်အန္တရာယ်ရှိသလို ဘယ်သောအခါမှလည်း စိတ်မငြိမ်းချမ်းဘူး အမြဲတမ်းစိုးရွံ့ထိန့်လန့်နေရတယ် ဖြစ်နိုင်ရင် ငါ့လိုပဲ ရိုးရိုးသားသားရှာစားပါလား" လို့ ပြန်ပြောလိုက်တယ်။

အဲဒါနဲ့ ကျီးကန်းက မိတ်ဆွေဗျိုင်းရဲ့ စကားကို နားမထောင်ပဲ ငါအစာရေစာ ပေါများတာကို မနာလို လို့ပြောတာပဲ ဆိုပြီး စိတ်ကြီးဝင်ကာ နေ့စဉ် ပြုမြဲတိုင်း အစာရှာထွက် တာပေါ့။

ဒီလိုနဲ့ တရက်မှာ ညနေရောက်လို့ အိပ်တန်း ပြန်ရောက်တဲ့ အခါ မိတ်ဆွေကျီးကန်းကို မတွေ့ရလို့ စိတ်ပူပြီး အနီးအနားက ရွာကို စနည်းနာ ထွက်တာပေါ့။

ရွာနားက အပင်ကြီးပေါ် ခဏနားနေတုန်း အပင်အောက်က နွားကျောင်းသားလေး သူ့သူငယ်ချင်းကို ပြောတဲ့စကားသံကြားလို့ နားစွင့်လိုက်မိတယ်။

"နေ့လည် ငါ ထမင်းစား ပြန်တုန်း အိမ်ရှေ့မှာ ငါးခြောက် လှန်းထားတာကို ကျီးကန်းတကောင် လာဆွဲတာ မြင်လို့ လောက်လေးဂွနဲ့ ဆော်ထည့်လိုက်တာ ကျီးကန်းလည်း ဂန့်သွားတာပဲ" လို့ ပြောသံ ကြားရတယ်။

ထိုအခါမှာတော့ ဗျိုင်းလည်း သူ့သူငယ်ချင်း ကျီးကန်းအတွက် စိတ်မကောင်းရုံက လွဲပြီး ဘာမှ မတတ်နိုင်ပဲ ပြန်လာခဲ့ရတယ်။

သမာအာဇိဝကျကျ ရှာဖွေ စားသောက်ခြင်းက စိတ်အေးချမ်းသာသလို အန္တရာယ်လည်း ကင်းကြောင်းကို ဒီပုံပြင်လေး က သင်ခန်းစာ ပေးထားတာပဲ ဖြစ်ပါတယ်။ KM(ဘဝမြင်ကွင်း)

Post a Comment

0 Comments