လမ်းလျှောက်တတ်စကလေးတွေ ကိုယ့်ခေါင်းကိုယ် ပြန်ရိုက်နေရတဲ့အကြောင်းအရင်းများ

ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးမှာနဲ့ပတ်သက်ပြီး မိဘတွေက အရမ်းကို စိတ်ပူလေ့ရှိကြပါတယ်။ လမ်းလျှောက်တတ်စအရွယ်မှာ ကလေးတွေက သူ့ခေါင်းကို ရိုက်နေရင် မိဘတွေက စိုးရိမ်စိတ်တွေ ဝင်လာကြပါတယ်။ ကလေးတွေက သူတို့ခေါင်းကို ရိုက်နေရတဲ့အကြောင်းအရင်းတွေ ရှိပါတယ်။

၁။ အာရုံစိုက်တာကို လိုချင်ခြင်း

ကလေးတွေက သူတို့ကို ဂရုမစိုက်ဘူးလို့ ထင်တဲ့အခါ ခေါင်းကိုထုပြီး လူကြီးမိဘတွေ အာရုံစိုက်လာအောင် ပြုလုပ်ကြပါတယ်။ ကလေးတွေက မိဘတွေ အာရုံမစိုက်တာကို မရမချင်းထပ်ခါထပ်ခါ ခေါင်းကို ရိုက်နေတတ်ပါတယ်။

အချို့ကလေးတွေကတော့ ခေါင်းနဲ့ နံရံနဲ့ဆောင့်ကြပါတယ်။ အဲဒါကြောင့် ကလေးအိပ်တဲ့နေရာနားမှာ လုံခြုံစိတ်ချရအောင် အိပ်ရာကို နံရံနဲ့ဝေးဝေးမှာထားတာ၊ ထိခိုက်စေမယ့်အရာတွေကို ဖယ်ထားတာတို့ ပြုလုပ်သင့်ပါတယ်။

၂။ ကိုယ့်ကိုယ်ကိုယ် ပြန်ချော့ခြင်း

လမ်းလျှောက်တတ်စကလေးတွေက မအိပ်ခင်အချိန်မှာ ခေါင်းကို ရိုက်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ချော့တတ်ပါတယ်။ ကိုယ့်ခေါင်းကိုယ် ပြန်ရိုက်ပြီးနောက်မှာတော့ အိပ်ပျော်သွားတတ်ပါတယ်။

တရေးနိုးလာတဲ့အချိန်မှာလည်း ခေါင်းကို ရိုက်နေတတ်ပါတယ်။ ကလေးတွေကို မအိပ်ခင်မှာ ခေါင်းကို ပွတ်သပ်ပေးရင် ခေါင်းကို ရိုက်တတ်တဲ့အကျင့် ပျောက်သွားနိုင်ပါတယ်။

၃။ စိတ်ခံစားချက်တွေကို ဖော်ပြခြင်း

လမ်းလျှောက်တတ်စကလေးအရွယ်က စိတ်ခံစားလွယ်ပါတယ်။ နည်းနည်းလေး နာကျင်ရင်တောင် ဝမ်းနည်းလွယ်ပါတယ်။ ကလေးတွေက စကားလုံးတွေနဲ့ မဖော်ပြတတ်သေးတာကြောင့် အမူအရာနဲ့ ခေါင်းကို ရိုက်ပြီး ဖော်ပြတတ်ပါတယ်။

ကလေးတွေက စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်သေးတာကြောင့် ခေါင်းကို ရိုက်ပြီး ဝမ်းနည်းတာကို ဖြေဖျောက်ပါတယ်။ ကလေးရဲ့စိတ်အခြေအနေကို နားလည်တဲ့အခါမှာတော့ ဒီပြဿနာကို အလွယ်တကူဖြေရှင်းနိုင်မှာပါ။

၄။ အခြားသောပြဿနာ

အသက် ၁ နှစ်ကနေ ၃ နှစ်အရွယ် ကလေးတွေမှာ ခေါင်းကို ရိုက်နေရင် သတိထားပြီး ကြည့်ရှုသင့်ပါတယ်။ အာရုံကြောဖွံ့ဖြိုးတိုးတက်မှုမှာ ပြဿနာရှိခြင်း သို့မဟုတ် အော်တစ်ဇင်ရောဂါတို့နဲ့ ဆက်စပ်နေတဲ့အခါ ကလေးတွေက ကိုယ့်ခေါင်းကို ပြန်ရိုက်ကြပါတယ်။

ကလေးက မကြာခဏ ခေါင်းကို ရိုက်နေပြီး သံသယဝင်လာတဲ့အခါမှာတော့ ကလေးအထူးကုဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments