ကူညီပါ ဝန်မပိပါစေနဲ့

တခါက လယ်ဧကများစွာ ပိုင်ဆိုင်တဲ့ လယ်သမားကြီးတဦး ရှိတယ်။ သူဟာ တိရစ္ဆာန်တွေရဲ့ ဘာသာစကားကိုလည်း နားလည်တယ်။ သူ့မှာ နွားတကောင်နဲ့ မြည်းတကောင် ရှိတယ်။

တနေ့တော့ လယ်သမားကြီးဟာ လမ်းလျှောက်ရင်း နွားနဲ့ မြည်း စကားပြောနေတာကို ကြားမိလိုက်တယ်။ ဒါကြောင့် သစ်ပင် အကွယ်ကနေ သူတို့ ဘာတွေပြောနေလဲ ဆိုတာ နားထောင်ကြည့် လိုက်တော့ နွားက မြည်းကို ပြော ပါတယ်။

"မင်းကတော့ ကံကောင်းပါတယ်ကွာ။ ငါ့လို ပင်ပင်ပန်းပန်း အလုပ် လုပ်စရာ မလိုဘူး။ ငါ့မှာတော့ တနေကုန် ထယ်ထိုးရတယ်။ နေဘယ်လောက်ပူပူ ငါ့ခြေလက်တွေ ဘယ်လိုပဲ ညောင်းညာ ကိုက်ခဲနေပေမယ့် နားရတယ် မရှိဘူး။ ငါ့ဘဝကတော့ တကယ့်ကို စိတ်ပျက်စရာ အပြည့်ပါပဲ။

ဒါပေမယ့် မင်းကတော့ တကယ့်ကို သက်သက်သာသာနဲ့ ဘဝမျိုးကို ရထားတယ်။ သခင်က တနေရာရာ သွားချင်တယ် ဆိုရင် မင်းကိုယ်ပေါ်ကို အရောင်စုံ အဝတ်လေး လွှမ်းပြီး ဟိုဟိုဒီဒီ ပို့ပေးရတယ်။ ဒါ့အပြင် ဘာမှ လုပ်စရာ မရှိဘူး။ အားနေရင် မြက်စိမ်းလေး စားပြီး အေးအေးသက်သာ နေရုံပဲ"

ဒီစကားတွေကို ကြားတော့ မြည်းက သူ့မိတ်ဆွေ ဖြစ်တဲ့ နွားကို သနားသွားပါတယ်။ ဒါနဲ့ အကြံပေးပါတယ်။

"အေး သူငယ်ချင်းရာ မနက်ဖြန်ကျရင် ငါပြောတဲ့အတိုင်း လုပ်။ မင်း သက်သက်သာသာ နေရလိမ့်မယ်။ မနက်ဖြန်မနက် မင်းကို လယ်ထွန်ဖို့ လာခေါ်ပြီဆိုရင် မြေကြီးပေါ် လှဲပြီး ညည်းတွားနေလိုက်။ ဒါဆို မင်းနေမကောင်း ဖြစ်နေတယ် ဆိုပြီး မင်းကို အနားပေး လိမ့်မယ်"

ဒီစကားတွေကို ကြားတော့ သခင်လုပ်သူက "အင်း ဒီ မြည်းတော့ သင်ခန်းစာ ကောင်းကောင်းပေးဖို့ လိုနေပြီပဲ" လို့ စဉ်းစားပါတယ်။ အဲဒီလိုနဲ့ နောက်တနေ့ နံနက်မှာ အစေခံတယောက်က နွားကို လာထုတ်သွားပြီး လယ်ထွန်ဖို့ ခေါ်ပါတယ်။

လယ်ထဲ အရောက်မှာ နွားက လှဲချလိုက်ပြီး နေမကောင်းချင်ယောင် ဆောင်ပါတယ်။ ဒီတော့ အစေခံက သခင်ဆီ သွားပြီး အကြောင်းစုံ ပြောပြပါတယ်။

ဒါတွေကို သိပြီးသား ဖြစ်တဲ့ သခင်ဖြစ်သူက "အေး ဒါဆို နွားကို အနားပေးပြီး မြည်းနဲ့ လယ်ထွန်လိုက်" လို့ ခိုင်းပါတယ်။ အစေခံလည်း သခင်ခိုင်းတဲ့အတိုင်း နွားနေရာမှာ မြည်းကို အစားထိုးလို့ တနေ့လုံး လယ်ထွန်ပါတယ်။ သူ့မိတ်ဆွေကို ကူညီချင်တဲ့ မြည်းဟာ နွားလုပ်ရမယ့် အလုပ်တွေကို လုပ်ရ ပါတော့တယ်။

ညနေ ရောက်တော့ မြည်းဟာ ပြန်လာပါတယ်။ သူ့စိတ်တွေက နောက်ကျိနေပြီး သူ့ခြေထောက်တွေဟာ ခွေယိုင် နေပါပြီ။ ပခုံးကလည်း ထမ်းပိုးကို ထမ်းရတာကြောင့် နာကျင်ကိုက်ခဲ နေပါပြီ။

နွားကို အကြံပေးမိတဲ့ အတွက် သူဟာ ကိုယ့်ကိုယ်ကို ဒေါသတွေထွက် နောင်တတွေလည်း ရနေပါပြီ။ အဲဒီအချိန်မှာ သခင်လုပ်သူက ခြံထဲကို လာပြီး တိတ်တိတ်လေး နားထောင်ပြန် ပါတယ်။

မြည်းကို မြင်တော့ နွားက အားရဝမ်းသာနဲ့ ပြောပါသတဲ့။ "မင်းကတော့ တကယ့် မိတ်ဆွေကောင်းပါကွာ။ မင်းအကြံပေးလို့ ဒီနေ့ ငါနားနားနေနေ နေရတယ်။ ကျေးဇူးတင်လိုက်တာကွာ။ မနက်ဖြန်လဲ ငါဒီလို ထပ်လုပ်အုံးမယ်"

ထိုအခါ မြည်းက ပြောပါတယ်။ "ငါက အခြားသူတွေလို စိတ်သဘောထား ကောင်းကောင်းမွန်မွန်နဲ့ မိတ်ဆွေ သူငယ်ချင်းကို အကူအညီ ပေးချင်တဲ့သူပါ။ ဒါပေမယ့် နောက်ဆုံးတော့ မင်းလုပ်ရမယ့် အလုပ်တွေက ငါ့အပေါ် ပုံကျလာတယ်။

မနက်ဖြန်တော့ မင်း လုပ်နေကျအတိုင်း လယ်ဆက်ထွန်ဖို့ လိုလိမ့်မယ်။ သခင်က အစေခံကို ပြောနေတာ ငါကြားရတယ်။ မင်းထပ်ပြီး နေမကောင်း ဖြစ်နေအုံးမယ် ဆိုရင်တော့ သားသတ်ရုံကို ပို့ရလိမ့်မယ်လို့ ပြောတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မင်းက ငပျင်းတကောင် ဖြစ်နေလို့ပဲ"

အဲဒီနောက်တော့ မိတ်ဆွေ နှစ်ဦးဟာ တဦးကို တဦး စကားမပြော ကြတော့ပါဘူး။ တသက်လုံးလည်း မိတ်ဆွေ ပြန်မဖြစ်တော့ ပါဘူး။

(သင်ခန်းစာ) တကယ်လို့ သင်ဟာ တယောက်ယောက်ကို ကူညီချင်တယ် ဆိုရင်တောင် သူ့ဆီက ဝန်ထုပ်ဝန်ပိုးကို ကိုယ့်အပေါ် ကျမလာပါစေပဲ ကူညီနိုင်အောင်သာ ကြိုးစားသင့် ပါတယ်။ Crd

Post a Comment

0 Comments