သဌေးကြီး၏ ပျော်ပွဲစားခရီး

ဆန်ဖရန်စစ္စကိုမြို့မှ သန်းကြွယ်သဌေးကြီးသည် ဇိမ်ခံသင်္ဘောကြီး စီး၍ ဥရောပတိုက်သို့ အပန်းဖြေခရီး ထွက်လေသည်။ သင်္ဘောခရီးစဉ် တလျှောက်လုံး ကပွဲ၊ ထမင်းစားပွဲနှင့် အထူးထူး အထွေထွေ ဧည့်ခံပွဲများက သဌေးကြီးကို အလွန်အရသာ တွေ့စေသည်။

ဒီလိုနဲ့ အီတလီနိုင်ငံကို ရောက်သော် ထိုမြို့က ကြည့်စရာ ပြတိုက်များ လေ့လာလည်ပတ်ပြီးနောက် အနားယူ အပန်းဖြေစခန်းဖြစ်သော ကာပရီ ကျွန်းငယ်သို့ သဌေးကြီး ရောက်ရှိ သွားလေသည်။

သဌေးကြီးသွားရာ လမ်းတလျှောက်တွင် ကြိုဆိုသူတွေက မနည်း၊ ဧည့်ခံ မိတ်ဖွဲ့ချင်သူတွေက အပုံအပင်။ သန်းကြွယ်သဌေးကြီးဆိုတော့ နောက်လိုက်နောက်ပါ အခြွေအရံ ကိုယ်ရံတော် များစွာဖြင့် တခမ်းတနား စည်ကားသိုက်မြိုက်စွာနဲ့ ကာပရီကျွန်းဟိုတယ်သို့ ရောက်ရှိ သွားလေသည်။

ကာပရီကျွန်း ဟိုတယ်ပိုင်ရှင်ကလည်း တလေးတစား ဧည့်ခံ ကြိုဆို၍ အကောင်းဆုံး ဟိုတယ် အခန်းတွင် ထားပေးလေသည်။ သို့ပေမဲ့ လူ့ဘဝသည် ပုံသေ ခန့်မှန်း၍ မရပေ။ ထိုညတွင် သန်းကြွယ် သဌေးကြီးသည် လေဖြတ်ကာ အသက်ပျောက် သွားလေသည်။

သဌေးကြီး အသက်ပျောက် သွားတော့ဟိုတယ်ပိုင်ရှင်က တခြား တည်းခိုသူများ အဖို့ အမင်္ဂလာ ဖြစ်မည် စိုးရိမ်ပြီး သဌေးကြီး အလောင်းအား အခန်းငယ်ကလေးထဲသို့ ချက်ချင်း ပြောင်းပစ်လိုက်သည်။

အလောင်းထည့်ရန် အခေါင်းကိုလည်း ဆော်ဒါပုလင်းများ ထည့်သည့် သေတ္တာကို အသုံးပြုကာ သဌေးကြီး အလောင်းအား ထိုအခေါင်းထဲ ထည့်လိုက်၍ အခေါင်းသွင်း ထားလိုက်သည်။

နောက်တနေ့မနက် လူတွေ မနိုးခင်တွင် ဘယ်သူမှ မသိအောင် အလောင်းအား မြင်းလှည်းဖြင့် ကမ်းခြေသို့ ပြန်ပို့စေသည်။

မြင်းလှည်းကလည်း အစုတ်ဆိုတော့ သဌေးကြီး အခေါင်းသည် တဂေါက်ဂေါက် တဂက်ဂက်ဖြင့် မြင်းလှည်း ဆောင့်ရင်း ပါသွားလေသည်။

တဖန် အခန့်မသင့်၍ ဆိပ်ကမ်းက ကုန်ရုံ တရုံပြီး တရုံသို့ သဌေးကြီးအခေါင်းအား ပြောင်းရ ပြန်သည်။ နောက်ဆုံးတွင် ဇာတိဌာနေ အမေရိကန်ပြန် ဇိမ်ခံသင်္ဘောကြီး၏ ဝမ်းတွင်း မှောင်မှောင်မဲမဲ ထဲသို့ ရောက်ရှိ သွားလေသည်။

သင်္ဘောကြီး၏ အပေါ်ထပ်မှာတော့ လူများ စည်ကားနေကာ ခန်းမကြီးအတွင်းမူကား မီးရောင်စုံများ ထွန်း၍ ကပွဲများ ထမင်းစားပွဲများ ကတော့ ရှိမြဲရှိနေဆဲပါ။ အလာတုန်းက သန်းကြွယ်သဌေးကြီးကိုလည်း မည်သူမှ အမှတ်ရမည် မထင်ပါ။

အလာတုန်းက လူပုံအလယ် တင့်တယ် နေသော သန်းကြွယ် သဌေးကြီးသည် ယခုအပြန်မှာတော့ မှောင်မှောင်မဲမဲ သင်္ဘောဝမ်းဗိုက်ထဲမယ် တယောက်ထဲ အသက်မပါပဲ လဲလျောင်းနေသည်မှာ လူ့ဘဝရဲ့ ငြီးငွေ့စရာ စက်ဆုပ်စရာပင် ဖြစ်ပါသည်။

နေ့မြင်ညပျောက် လူ့ဘဝအား သံဝေဂရ သဘောပေါက်မိ ပေသည်။ လူတယောက် ပျောက်သွားပေမဲ့ လောကကြီးကတော့ ဘာမှ မပြောင်းလဲ၊ သာယာမြဲပါပဲ။ တိမ်လွှာမိုး

Post a Comment

0 Comments