ကောင်းတဲ့ အတွေးတွေပဲ တွေးပါ

တနေ့မှာ လူတချို့ဟာ သူတို့ရဲ့ ပြဿနာတွေ၊ အခက်ခဲတွေကို ထပ်တလဲလဲ ညည်းတွားရင်း ပညာရှိ တယောက်ဆီ အလည်လာခဲ့ကြတယ်။

အဲ့ဒီအခါ ပညာရှိကြီးက လာလည်တဲ့ လူတွေကို ဟာသတခု ပြောခဲ့သတဲ့။ ပညာရှိကြီး ပြောတဲ့ ဟာသကြောင့် လူတွေ တဟားဟားနဲ့ ရယ်ခဲ့ကြတယ်။

မိနစ် အနည်းငယ် ကြာတော့ ပညာရှိကြီးဟာ အစောက ပြောခဲ့တဲ့ ဟာသကိုပဲ နောက်တကြိမ် ပြန်ပြောခဲ့တယ်။ အဲ့ဒီအခါ လူအနည်းစုပဲ ရယ်မောခဲ့ ကြတယ်။ အဲ့ဒီနောက် လူကြီးက တတိယအကြိမ် အဲ့ဒီ ဟာသကိုပဲ ထပ်ပြောခဲ့တယ်။

ဒါပေမဲ့ ဒီတကြိမ်မှာတော့ ဘယ်သူမှ ရယ်မောခြင်း မပြုကြတော့ဘူး။ လူတွေရဲ့ အရိပ်အကဲကို စောင့်ကြည့်ပြီး တခဏကြာတော့ ပညာရှိကြီးက ပြုံးပြီး ဒီလိုလေး ပြောခဲ့တယ်။

"ဟာသတခုတည်းကို အကြိမ်ကြိမ် ပြောတော့ ခင်ဗျားတို့ မရယ်ကြတော့ ပါဘူး။ ဒါနဲ့များ တခုတည်းသော ပြဿနာ အတွက် ကြိမ်ဖန်များစွာ ဘာလို့ ဝမ်းနည်းငိုကြွေးနေ ကြသေးတာလဲ" တဲ့။

တကယ်တော့ စိုးရိမ် ပူပန်ခြင်းတွေဟာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်စွမ်း မရှိပါဘူး။ အချိန်တွေနဲ့ သင့်ရဲ့ အားအင်တွေကိုသာ ကုန်ခမ်း သွားစေပါလိမ့်မယ်။

ပြဿနာတွေဟာ သင်ထင်ထားသလောက် မကြီးမားပါဘူး။ သင့်ရဲ့ အတွေးလွန်ခြင်းကသာ ပြဿနာတွေကို ပိုပြီး ကြီးထွားစေတာပါ။

တခါတုန်းက လူကြီးတယောက်ဟာ ပန်းပုဆရာကို ဒီလို မေးခဲ့သတဲ့။ "ကျောက်တုံးကြီးကနေ ဒီလိုမျိုး လှပတဲ့ ရုပ်ထုလေးတွေကို ဘယ်လိုလုပ်သလဲ" တဲ့။

အဲ့ဒီအခါ ပန်းပုဆရာက "အလှတရားတွေဟာ ဒီကျောက်တုံးထဲမှာ ပုန်းကွယ် နေတာပါ။ ကျုပ်က ပိုနေတဲ့ ကျောက်တုံးအပိုင်းအစ တွေကို ဖယ်ထုတ်ရုံပဲ လုပ်လိုက်တာပါ" လို့ ပြန်ပြောသတဲ့။

ဘဝမှာ သင့်ရဲ့ အလှတရားနဲ့ ပျော်ရွှင်ခြင်းတွေဟာ သင်မမြင်နိုင်အောင် သင့်ဆီ ဖုံးကွယ်နေတာပါ။ သင့်ရဲ့ စိုးရိမ်ပူပန်ခြင်းတွေကို ဖယ်ထုတ်လိုက်ရုံ ပါပဲ။

သင့်ရဲ့ စိတ်ဟာ သံလိုက်တခုလို ပါပဲ။ ကောင်းတာတွေ တွေးရင် ကောင်းမြတ်တဲ့ အရာတွေ သင့်ဆီ ရောက်လာမယ်။ ပြဿနာတွေ၊ အခက်ခဲတွေပဲ တွေးနေရင်တော့ ဆိုးသွမ်းတဲ့ အရာတွေ သင့်ဆီ မလွဲမသွေ ရောက်လာပါလိမ့်မယ်။ Crd

Post a Comment

0 Comments