တူသောအကျိုး ပေးလိမ့်မည်

တခါတုန်းက ရွာတရွာရှိ ဘုန်းကြီးကျောင်း တကျောင်းမှာ အလွန် စိတ်ကောင်း နှလုံးကောင်း ရှိတဲ့ ဖိုးသူတော် တဦး ရှိပါတယ်။ အဲဒီ ဘုန်းကြီးကျောင်းဝင်းထဲမှာ သရက်၊ ပိန်းနဲ၊ မာလကာ၊ သြဇာ၊ သလဲ၊ ရဲယို၊ ကြောင်လျှာ၊ နာနတ်၊ ငှက်ပျောမှ စတဲ့ စားပင် သီးပင်တွေနဲ့ ဥယျာဉ်ကြီးတမျှ ဝေဝေ ဆာဆာ ရှိလှတယ်။

သစ်ပင် ပန်းပင်တွေ များတော့ သစ်ရွက်ခြောက် အမှိုက်တွေလည်း ပေါသပေါ့။ ဖိုးသူတော်ဟာ နံနက် ဝေလီဝေလင်း အိပ်ရာကထ ဆရာတော် အတွက် အရုဏ်ဆွမ်း ဝတ်ဖြည့်ပြီးရင် ကျောင်းဝင်းထဲ ဆင်း၊ တံမြက်စည်း တချောင်းနဲ့ အမှိုက်လှည်း ပါတော့တယ်။

ဒါဟာ နေ့စဉ် သူပြုနေကျ ဝတ်ဖြစ်ပြီး အမြဲတမ်း ဆိုသလို သူ့ ပါးစပ်ကလည်း "တူသောအကျိုး ပေးလိမ့်မယ်၊ စိတ်ကောင်းမှ နတ်ကောင်း စောင်မမယ်" လို့ တတွတ်တွတ် ရွတ်နေပါတယ်။

ဘုန်းကြီးကျောင်း အနီး အိမ်တအိမ်က မုန့်ပျားသလက်သည် မိန်းမကြီး တယောက်ဟာလည်း ဝေလီဝေလင်း ထ မုန့်ပျားသလက် ရောင်းပါတယ်။

အဲဒီမိန်းမကြီးဟာ ဖိုးသူတော် နေ့စဉ် အမှိုက်လှည်းရင်း တတွတ်တွတ် ရွတ်ဆိုနေသံကို ကြားနေရတော့ အလိုလိုနေရင်း မနာလိုစိတ် ရှိလာပြီး သူ့အား စောင်းမြောင်း ရွတ်နေတယ် လို့ပင် ထင်လာပါတော့တယ်။ ထင်လာတဲ့ အလျောက် ဖိုးသူတော်ကို သေကြောင်း ကြံစည်တဲ့ အထိ ဖြစ်လာပါတယ်။

တနေ့တော့ မိန်းမကြီးဟာ အခါတိုင်း လုပ်နေကျ မုန့်ထက် ကြီးတဲ့ မုန့်ပျားသလက်မှာ အဆိပ်ထည့်ပြီး စေတနာ သဒ္ဒါတရား ရှိသယောင် ဟန်ဆောင်ပြီး ဖိုးသူတော်အား ကပ်လှူ ပါတယ်။

စိတ်ကောင်း နှလုံးကောင်းရှိတဲ့ ဖိုးသူတော်ဟာ အလှူခံ ရရှိတဲ့ မုန့်အတွက် သာဓု အနုမောဒနာ ခေါ်ယူလို့ လှူဒါန်းသူရော မိမိပါ အကျိုးများအောင် ကိုယ်တိုင် မသုံးဆောင်တော့ပဲ ဘုရားဆွမ်းတော်အဖြစ် ဦးဦးဖျားဖျား ကပ်လှူလိုက် ပါတယ်။

မိန်းမကြီးရဲ့ တဦးတည်းသော သားဟာ အဲ့ဒီ ဘုန်းကြီးကျောင်းမှာပဲ ပညာသင်ကြား ပါတယ်။ အဲ့ဒီအချိန်ဟာ ကျောင်းသားများ စာသင်နေချိန် ဖြစ်တယ်။ ဆွမ်းတော် ကောက်ချိန် ဝေယျာဝစ္စပြုချိန် ရောက်တော့ ကျောင်းသားများ စာအံ၊ ကျောင်းဆင်း ပါတယ်။

အချိန်တန်တော့ ဖိုးသူတော်ဟာ ကျောင်းအနီး သင်ပုတ်ခွက်ထဲသို့ ကပ်လှူထားသော ဆွမ်းတော်ခဲဖွယ် ဘောဇဉ်များ စွန့်ပါတယ်။ အဲဒီအချိန်မှာ မိန်းမကြီးရဲ့သား ကျောင်းသားလေးဟာ အဖော်တွေထက် ဦးအောင် သင်ပုတ်ခွက်ထဲက မုန့်ပျားသလက် ကို ကောက်ယူ စားပါတယ်။ အဆိပ်ခတ်ထားတဲ့ မုန့်ဖြစ်လို့ ကျောင်းသားလေးဟာ သေဆုံး သွားပါတယ်။

မုန့်သည် မိန်းမကြီးဟာ "တူသောအကျိုး ပေးလိမ့်မယ်၊ စိတ်ကောင်းမှ နတ်ကောင်း စောင်မမယ်" ဆိုတဲ့ ဖိုးသူတော် ရွတ်ဆို သံ နားထဲ ကြားယောင်လို့ နောင်တကြီးစွာ ရလျက် ငိုကြွေးနေ ပါတော့တယ်။ လူထုဦးလှ

ဘယ်သေ အခါမှ သူတပါး အပေါ်ကို မကောင်းသော စိတ်ထားများ မထားမိပါစေနဲ့။ တူသော အကျိုးပေး ခံရတတ်ပါတယ်။ သူ့ မကောင်းကံ အတွက် အချိန်တန်လျှင် သဘာဝတရားက ပြစ်ဒဏ် ချပါလိမ့်မယ်။ Crd

Post a Comment

0 Comments