ရွှေတွင်းကြီး တူးပါဦး

တခါတုန်းက လူတယောက်ဟာ တောထဲတောင်ထဲမှာ ရွှေလိုက်ရှာတယ်။ တနေ့မှာ အလွန် ကြီးမားတဲ့ ရွှေတွင်းကြီးကို တွေ့လိုက် တယ်။ သူလည်း ရသလောက် ရွှေတွေကို တူးတယ်။

ဒါပေမဲ့ သူ ဘယ်လောက် တူးတူး ရွှေတွင်းကြီးက ရွှေဟာ မကုန်နိုင်ဘူး။ ဒါကြောင့် သူဟာ သူ့ရွာကို ပြန်ပြီး ရွာသားတွေကို ရွှေတွင်းကြီး ဆီကို ခေါ်သွားပြီး ကြိုက်သလောက် တူးယူကြလို့ ပြောလိုက်တယ်။

ရွာသားတွေလည်း ပျော်ပျော်ပါးပါးကြီးနဲ့ ကြိုက်သလောက် တူးယူနေ ကြတယ်။ ဒါပေမဲ့ လူတယောက်ဟာ သူများတွေ ရွှေတွေကို တူးယူနေ ကြတာကို ဘေးကပဲ ရပ်ကြည့်နေတယ်။ ဘာမှ မလုပ်ဘူး။

အဲဒါနဲ့ ရွှေတွင်းကို တွေ့တဲ့သူက "ဟေ့လူ ရွှေတွေ ဘာလို့မတူးတာလဲ" လို့ မေးတော့ ရွာသား "ကျနော့်မှာ တူးစရာ ပေါက်ချွန်း မရှိလို့ပါ" လို့ ဖြေတယ်။

ထိုအခါ ရွှေတွင်းတွေ့သူက "ဒါဆိုလဲ ပေါက်ချွန်းတလက် သွားရှာလေကွာ" လို့ ပြောတော့ ရွာသားက "လိုက်ရှာရမှာ ပျင်းလို့ပါ" လို့ ပြန်ပြောသတဲ့။

ပုံပြင်လေးဟာ ရီစရာလို့ ထင်ရပေမဲ့ လက်တွေ့ လောကကြီးမှာလည်း နေ့စဉ်ဒီတိုင်း ဖြစ်နေတယ်လို့ ပြောလိုက်ရင် အံ့သြသွားကြ ပါလိမ့်မယ်။

တချို့က စာအုပ်တွေ ဖတ်ကြတယ်။ စာအုပ်တွေက ရတဲ့ အသိဉာဏ်တွေကြောင့် အောင်မြင်သွား ကြတယ်။ ကြီးပွားချမ်းသာ သွားကြတယ်။ လူ့လောကကြီးကို ကောင်းကောင်းကြီး အကျိုးပြု သွားကြတယ်။

ဒီတော့ သူတို့ဟာ သူတို့ကို အကျိုး ရှိစေတာ စာဖတ်ခြင်းကြောင့် ဆိုတာကို သိလို့ လူငယ်တွေကိုလည်း သူတို့လို ကြီးပွားအောင်မြင်စေ ချင်လို့ စာဖတ်ကြပါလို့ တိုက်တွန်းတယ်။

လူငယ်တွေက မအားလို့၊ ပျင်းလို့ စာမဖတ်ချင် ဘူးတဲ့။ သူ့ဘဝ တလျှောက်မှာ စိတ်အေးချမ်းသာစွာ နေစေနိုင်မဲ့ ရွှေတွင်းကြီးကို မျက်စိရှေ့မှာ တွေ့နေပါလျက်နဲ့ ဖေ့ဘုတ် ပွတ်နေရလို့၊ ဂိမ်းကစား နေရလို့၊ လက်ဖက်ရည်ဆိုင် ထိုင်နေရလို့ မအားပါဘူး ဆိုတဲ့ သူတွေ စဉ်းစားဖို့ပါ။

ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ သူဋ္ဌေးကြီး ဘီလ်ဂိတ်ဟာ တပတ်ကို အနည်းဆုံး စာအုပ်တအုပ်ကို ပြီးအောင် ဖတ်လေ့ ရှိတယ် လို့ ဖတ်ဖူးပါတယ်။ phoomyatchal

Post a Comment

0 Comments