ထမင်းစားဖို့ လင်ယူစရာ မလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ။ "ကိစ္စမရှိဘူး ငါတို့က အချိန်တန် ယောက်ျားယူမှာ ယောက်ျားက ရှာကျွေးလိမ့်မယ်" တဲ့။ ဘာရယ်မဟုတ် ပြုံးတော့ ပြုံးမိသား။
၁၆ နှစ် အရွယ် မိန်းကလေး တယောက်ရဲ့ အတွေးက သိပ်ရိုးရှင်းတယ်လို့ တွေးရင် တွေးလို့ရသလို အန္တရာယ် များလိုက်တာလို့ တွေးရင်လည်းတွေးလို့ ရနိုင်တာကိုး။
သမီးတို့ အနေနဲ့ ယောက်ျားနောက် လိုက်သွားရုံနဲ့ အရာရာ အဆင်ပြေသွားမယ်လို့ ထင်နေကြတာတွေ၊ ထမင်းစားဖို့ အတွက် ယောက်ျားယူလိုက်မယ်လို့ ခပ်လွယ်လွယ် တွေးလိုက်တာတွေ သိပ်များနေပြီလား လို့လည်း တွေးမိပါ့။
အခုခေတ် ယောက်ျားတွေ (အများစု) က အတွေးအမြင်တွေ ပြောင်းကုန်ကြတာ သမီးတို့ မသိသေးတာလား။ ယောက်ျားတွေက အလုပ်ရှိတဲ့ မိန်းကလေး၊ ကိုယ်က သိပ်ရုန်းပေးစရာ မလိုတဲ့ မိန်းကလေးကို ပိုသဘောကျကြတယ် ဆိုတာ။
ငွေရှိရင် ရှိ၊ မရှိရင် ပညာတတ် ရာထူးရှိမှ ပိုသဘောကျကြတယ် ဆိုတာ။ အလုပ် လုပ်တတ် စီးပွားရှာတတ် အမြင်ကျယ်တဲ့ မိန်းကလေးကိုမှ ပိုတွဲချင်ကြတယ် ဆိုတာ။
သူတို့ကို အစစအရာရာ သိပ္မမြီခိုတဲ့ အရည်အချင်းရှိတဲ့ မိန်းကလေးကိုမှ တန်ဖိုးပိုထားကြတယ်ဆိုတာ ငါ့သမီးတို့ သိအောင် ပြောပြချင်ပါဘိ။
ယောက်ျားလုပ်စာ လက်ဖြန့်တောင်းပြီး အိမ်မှာပဲ ထမင်းချက် ကလေးထိုင်မွေးမယ့် မိန်းကလေးမျိုးကို သိပ်မရွေးချင်ကြတော့ဘူး ဆိုတာလည်း ပြောပြချင်သေးတယ်။ (တချို့တွေကို ဆိုလိုတာနော် အားလုံးလို့ မပြောဘူး)
အခုခေတ် ယောက္ခမတွေကရော။ အိမ်ပေါ် တက်လာတဲ့ ချွေးမကို ဘယ်လို ကြိုဆိုကြသလဲ။ ဘာပညာမှ မတတ်၊ ဘာအလုပ်မှ မလုပ်တတ်၊ ဘယ်နေရာမှ ဝင်မဆန့်တဲ့ မိန်းကလေးမျိုးကို ဝမ်းသာအားရ ကြိုဆိုမယ့် ယောက္ခမမျိုး သိပ်ကို ရှားသွားပြီ ဆိုတာ ငါ့သမီးတို့ သိပါလေစ။
အိမ်ထောင် မပြုခင် လူ့လောကအတွက် အခက်အခဲတွေ တွေ့ရင် ရင်ဆိုင်နိုင်အောင် မိဘတွေက လက်နက်မျိုးစုံ တပ်ဆင်ပေးနေတာကို ငါ့သမီးတို့ သိပါလေစ။ ရော့ ပညာလက်နက်။ ငါ့ပညာနဲ့ငါ လုပ်စားလို့ ရတယ် လင်မျက်နှာ ယောက္ခမမျက်နှာ ကြည့်စရာမလိုဘူး။
ရော့ အတွေးအခေါ် လက်နက်။ ဘယ်ဟာ အကောင်း ဘယ်ဟာအဆိုး ငါခွဲခြားနိုင်တယ်။ ရော့ အလုပ်အကိုင်လက်နက်။ ငါ့မှာ အလုပ်အကိုင်ရှိတယ် အသိုင်းအဝိုင်းရှိတယ် ငါ့တဝမ်းတခါး ငါရှာစားနိုင်တယ်။ အဲဒီလို လက်နက်တွေ ပါသွားတော့ ပိုမကောင်းဘူးလား။
မွေးရာပါ လက်နက်ဟာ တဘဝလုံးအတွက် အာမခံချက် မရှိဘူး ဆိုတာ ငါ့သမီးတို့ကို ပြောပြမယ့်သူ မရှိဘူးလား။ ပညာက မစုံ၊ အတွေ့အကြုံက မရင့်ကျက်၊ အလုပ်အကိုင်က မရှိနဲ့ လင်ယူလိုက်ရုံနဲ့ ဒုက္ခတွေ ငြိမ်းသွားတာ မဟုတ်ဘူး ငါ့သမီးတို့။ လင်ယူလိုက်မှ ဒုက္ခတွေ စတာဆိုတာ ပြောပြချင်လိုက်တာ။
တကယ်လို့များ သမီးလေးတို့ ရွေးချယ်လိုက်တဲ့ ယောက်ျားဟာ ကုတင်ပေါ်မှာပဲ ချစ်တတ်ပြီး ကျန်တဲ့ အချိန်မှာ ဘဝရဲ့ဒုက္ခတွေအခက်အခဲတွေကို မျှဝေ ခံစားဖော်မရတဲ့ ယောက်ျားမျိုးဆိုရင်၊ လင်ယူပြီးမှ ကိုယ့်ဝမ်း ကိုယ်ရှာစားနေရပြီး သူ့ကိုပါ ရှာကျွေးနေရရင် ငါ့သမီးတို့ အလကားနေ အလကား လင်တယောက် အဖက်တင်နေမှာပေါ့။
ကဲ ဘဝက ထင်သလောက် လွယ်သေးလား။ လိုအပ်တဲ့ လက်နက်မျိုးစုံ အစုံအလင်ပါမှ လောကကြီးထဲ ထွက်လိုက်စမ်းပါ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်တဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အလှဆုံးပဲ။
ကိုယ်ရပ်တည်ဖို့ အတွက် ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အလှဆုံးပဲ။ ထမင်းစားဖို့ လင်ယူစရာ မလိုတဲ့ မိန်းကလေးဟာ ကမ္ဘာပေါ်မှာ အချေနိုင်ဆုံးပဲ။ ငါ့သမီးတွေ ကမ္ဘာ့ အလှဆုံး မိန်းကလေးတွေဖြစ်ကြစမ်းပါ။ Crd
0 Comments