တံငါသည်လင်မယားနှင့် ရွှေငါးကြီး

တခါတုန်းက တံငါသည် လင်မယားနှစ်ယောက် ရှိပါတယ်။ ဒါပေမယ့် သူတို့မှာ နေစရာအိမ် မရှိဘူး။ သစ်ပင်အောက်မှာ ကြုံသလို ဖြစ်သလို နေရတယ်။ သူတို့လင်မယားဟာ သိပ်ကို ဆင်းရဲ ကြတာပေါ့။ သူငါးဖမ်းလို့ ရတာလေးနဲ့ပဲ စားသောက် နေကြရ တယ်။

"အိမ်ဆိုတာ ဘာလုပ်ဖို့လဲ၊ သစ်ပင်အောက်မှာ အိပ်ရတာ ဘယ်လောက် လွတ်လပ်သလဲ၊ အိမ်မှာ အိပ်ယာနဲ့ အိပ်ရတာ စိတ်ကျဉ်းကျပ်တယ်။ မြေပြင်ပေါ်မှာ အိပ်ရတာ ဘယ်လောက် ကျယ်ပြန့်သလဲ" ဆိုပြီး တံငါသည်ဟာ သူ့ဘဝ သူပျော်နေတယ်။ ဒါပေမယ့် သူ့မိန်းမကတော့ မပျော်ဘူးပေါ့။

"ငါ ဘာဖြစ်လို့ ဒီလောက်ဆင်းရဲတဲ့ တံငါသည်နဲ့ အိမ်ထောင်ပြုမိပါလိမ့်။ ငါ့မှာ အိမ်လည်းမရှိ၊ အိပ်တော့လည်း မြေကြီးပေါ်မှာ တနေ့တနေ့ ငါးကင်နဲ့ပဲ စားနေရတယ်" ဆိုပြီး မိန်းမဟာ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ညည်းလေ့ရှိတယ်။

တနေ့တော့ တံငါသည်ဟာ ပင်လယ်ကမ်းခြေကို သွားပြီး ငါးဖမ်းတယ်။ သူ့ပိုက်ကွန်ကို ရေထဲပစ်ချပြီး ကျောက်ဆောင်ပေါ်မှာ ထိုင်နေတယ်။ နေကလည်း ခြစ်ခြစ်တောက် ပူနေတာပေါ့။ ဒါကြောင့် သူဟာ ပင်ပန်းနွမ်းနယ်လာပြီး နေပူထဲက ကျောက်ဆောင်ပေါ်မှာ အိပ်ပျော်သွားပါရော။

အိပ်ရာက နိုးတော့ သူ့ပိုက်ကို ဆွဲတင်တယ်။ ပိုက်ထဲမှာ ငါးတကောင်ပဲ တွေ့ရတယ်။ ဒါပေမယ့် အဲဒီ ငါးက အကြီးကြီးပဲ။ ပြီးတော့ ရွှေရောင်တောက်ပနေတယ်။ လှလည်း အင်မတန် လှတယ်။ ဒါကြောင့် တံငါသည်ဟာ အရမ်း ပျော်သွားတာပေါ့ကွယ်။

"ဒီရွှေရောင်တောက်နေတဲ့ ငါးကြီးကို တွေ့ရင် ငါ့မိန်းမ သိပ်ပျော်မှာပဲ။ ဟန်ကျပြီ။ ဒီလောက်ကြီးတဲ့ငါးကို တို့လင်မယား နှစ်ယောက် ညစာ မနက်စာ နှစ်နှပ်စား နိုင်ပြီ"

တံငါသည်ဟာ ဝမ်းသာအားရ တယောက်တည်း ပြောနေတုန်းမှာ ငါးကြီးက စကားပြောတယ်။ "ကျွန်ုပ်ကို မသတ်ပါနဲ့ဗျာ။ ကျွန်ုပ်ကို ပင်လယ်ထဲ ပြန် လွှတ်လိုက်ပါ" ငါးကြီးရဲ့ စကားပြောသံကို ကြားတော့ တံငါသည်ဟာ သိပ်အံ့သြသွားတာပေါ့။

"အသင်ငါးက လူစကား ပြောတတ်တယ် ဟုတ်လား။ လူစကား ပြောတတ်တဲ့ ငါးကို ကျွန်ုပ်တခါမှ မတွေ့ဖူးဘူး။ ကျွန်ုပ် လူမှန် သိကတည်းက ငါးဖမ်းလာတာ၊ ဒီတခါပဲ ငါးက လူစကားပြောတာ ကြားဖူးတယ်" တံငါသည်က ထူးထူးဆန်းဆန်း တွေ့ရလို့ ပျော်နေတယ်။

"ဟုတ်ပါတယ်၊ ကျွန်ုပ် လူစကား ပြောတတ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်ကို ပင်လယ်ထဲပြန်လွှတ်ပေးဖို့ တောင်းပန်နေတာ ပေါ့ဗျာ" လို့ ရွှေရောင်တောက်နေတဲ့ ငါးကြီးက ထပ်ပြောပြန်တယ်။

"အင်း ဟုတ်တယ်၊ လူစကားပြောတတ်တဲ့ ငါးကို ကျွန်ုပ် သတ်မစားသင့်ဘူး၊ ဒါကြောင့် သင့်ကို ပြန်လွှတ်လိုက်တော့မယ်" တံငါသည်က ပိုက်ကွန်ထဲမှ ငါးကြီးကို ပင်လယ်ထဲပြန်လွှတ် လိုက်တာပေါ့ကွယ်။

ညကျတော့ တံငါသည်ဟာ သူ့မိန်းမကို လူစကား ပြောတတ်တဲ့ ငါးကြီးအကြောင်း ပြောပြဖို့ စဉ်းစားနေတယ်။ အဲဒီညက သူတို့လင်မယားအတွက် ဘာမှစားစရာ မရှိဘူး။ ရှင် ဒီနေ့ ဘာငါးမှ မရခဲ့ဘူးလား လို့ သူ့မိန်းမကမေးတော့

"ရတာပေါ့ကွာ၊ ဒါပေမယ့် တကောင်တည်းပါ၊ အဲ့ဒီ ငါးက လူစကား ပြောတတ်တယ်။ ဒါကြောင့် ငါမသတ်ရက်လို့ ပင်လယ်ထဲကို ပြန်လွှတ်လိုက်တယ်"

"ရှင် မဖြစ်နိုင်တာတွေ လာမပြောပါနဲ့၊ ရှင် အသုံးမကျလို့ ငါးမရတာကို တွေ့ကရာ လျှောက်ပြောနေတယ်" လို့ မိန်းမက အပြစ်တင်တယ်။

"မင်း မယုံရင်လည်း မတတ်နိုင်ဘူးကွာ၊ လူစကား ပြောတတ်တဲ့ ငါးကို တကယ် ဖမ်းမိခဲ့တာပဲ၊ မင်းကိုငါ လိမ်ပြောစရာ အကြောင်းမရှိပါဘူး" လို့ တံငါသည်က ထပ်ပြောတယ်။

"ရှင် အမှန်အတိုင်း ပြောနေတာ ဆိုရင်တော့ ဒါဟာ အင်မတန် ထူးဆန်းနေတာပဲ၊ အဲဒီ ငါးဟာ အစွမ်းသတ္တိရှိမှာ အမှန်ပဲ၊ ရှင် သူ့အသက်ကို မသတ်ရက်ဘဲ ပြန်လွှတ်လိုက်တဲ့အတွက် သူက ရှင့်ကို ဘာပေးခဲ့သလဲ"

"ဘာမှ မပေးဘူးကွ၊ ပင်လယ်ထဲ ပြန်ဆင်းသွားတာပဲ"

"ရှင်ကကော ဘာမှမတောင်းဘူးလား"

"တောင်းရအောင် သူက ဘာပေးနိုင်မှာမို့လဲ"

"ပေးနိုင်မှာပေါ့ ရှင်၊ သူက သာမန်ငါးမှ မဟုတ်ဘဲ၊ ရှင် သိပ်အ တာပဲ၊ ကျွန်မတို့ လင်မယား ဒီလိုပဲ တသက်လုံး မြေကြီးပေါ်မှာပဲ အိပ်နေရတော့မှာလား"

"ဒါဖြင့် ငါက ဘာလုပ်ရမှာလဲ"

"လွယ်ပါတယ်ရှင်၊ အဲ့ဒီငါးကြီးကို တဲတတဲလောက်တော့ ရအောင် လုပ်ပေးပါလို့ ပြောပေါ့"

တံငါသည်က သူ့မယားရဲ့ တိုက်တွန်းမှုကြောင့် နောက်တနေ့ မနက်မှာ ပင်လယ်ပြင်ကို ထွက်လာခဲ့တယ်။ မနေ့က သူအိပ်ပျော်ခဲ့တဲ့ ကျောက်ဆောင်ပေါ်မှာ ကျကျနနထိုင်ပြီး လှမ်းပြောလိုက်တယ်။

"ပင်လယ်ထဲက လူစကားပြောတဲ့ ရွှေငါးကြီး ကျွန်ုပ်ဆီကို လာခဲ့ပါဦး" တံငါသည်က သုံးခွန်းတိတိ လှမ်းခေါ်တယ်။ သုံးခွန်းခေါ် လို့မှ မရရင် သူစိတ်လျှော့လိုက်တော့ မှာပေါ့လေ။ သူ့မိန်းမဟာ အဓိပ္ပာယ် မရှိတာတွေ ခိုင်းနေတယ်လို့ သူက ထင်နေတယ်။

ဒါပေမယ့် တတိယအခွန်း ခေါ်အပြီးမှာ ရွှေရောင်ငါးကြီး ဟာ ပင်လယ်ရေမျက်နှာပြင်ပေါ်မှာ ဦးခေါင်းဖော်ပြီး တံငါသည်ရှေ့ကို ကူးလာခဲ့တယ်။ "သင် ဘာအလိုရှိသလဲ" လို့ မေးတယ်။

ဒီတော့ တံငါသည်က "ကျွန်ုပ်ဘာမှ မလိုပါဘူး၊ ဒါပေမယ့် ကျွန်ုပ် မိန်းမက တဲကလေးနဲ့ နေချင်တယ်ဗျာ။ အဲဒါ ရွှေငါးကြီး လုပ်ပေးနိုင်မလား" လို့ မေးလိုက်တော့

"သင့်မိန်းမဆီကို ပြန်သွားပါ၊ တဲကလေးတလုံးထဲမှာ သင့်မိန်းမကို တွေ့ရလိမ့်မယ်" လို့ ရွှေငါးကြီးက ပြန်ပြောပြီး ပင်လယ်ထဲကို ပြန်ငုပ်သွားတယ်။ တံငါသည်ဟာ သူတို့အိပ်နေကျ သစ်ပင်အောက်ကို ပြန် ရောက်တော့ သစ်ပင်နဲ့ မနီးမဝေးမှာ ထူးထူးခြားခြား တဲကလေး တတဲကို တွေ့ရတယ်။

အဲဒီတဲက အသစ်စက်စက် အတိုင်းပဲ။ သပ်သပ်ရပ်ရပ်နဲ့ ပြတင်းပေါက် နှစ်ပေါက်လည်း ပါသေးတယ်။ အိမ်ရှေ့ တံခါးကို ပင်လယ်ပြာရောင် ဆေးသုတ်ထားပြီးသား တွေ့ရတယ်။

တဲနောက်ဘက်မှာလည်း ပန်းခြံကလေး ပါတယ်။ ပန်းခြံကလေးထဲမှာ ရောင်စုံပန်းတွေ လှလှပပ ပွင့်နေတယ်။ တံငါသည်ဟာ တဲထဲကို ဝင်သွားလိုက်တယ်။ အခန်းဖွဲ့ ထားတာတော့ မရှိဘူး။ ပြတင်းပေါက်ကနေ နေရောင်ခြည်ဟာ အထဲကို ကျရောက်နေတယ်။ သူ့မိန်းမဟာ စားပွဲဘေးမှာ ထိုင်နေတာကို တွေ့ရတယ်။

"မင်း အခုပျော်သွားပြီ မဟုတ်လား၊ မင်းလိုချင်တာ ဖြစ်သွား ပြီနော်" လို့ တံငါသည်က မေးတော့ "ပျော်တာပေါ့ရှင်၊ တဲကလေးက သိပ်လှတာပဲ" သူ့မိန်းမက ဝမ်းသာအားရ ပြောလိုက်တယ်။ ဒီလိုနဲ့ တံငါသည် မိန်းမဟာ သူ့ယောက်ျားနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြတယ်။

တပတ်လောက် ကြာတော့ တံငါသည်ဟာ ညမိုးချုပ်မှ ငါးဖမ်းရာက ပြန်လာတာပေါ့ကွယ်။ အဲဒီတော့ မိန်းမက ပြောသတဲ့။

"ကျွန်မ ဒီတဲလေးမှာ နေရတာ မပျော်တော့ဘူး"

"ဘာဖြစ်လို့လဲ" လို့ တံငါသည်က ပြန်မေးတာပေါ့။

"ကြက်မတွေဟာ ဥ ဥပြီးတိုင်း နားညည်းအောင် ဝိုင်းအော်ကြတယ်။ နေ့ခင်း ကျွန်မ အိပ်နေတုန်းမှာလည်း တဲထဲမှာ လျှောက်ပြီး ပျံပြေးနေကြတယ်"

"ဒါဖြင့် မင်းက ဘာလုပ်ချင်လဲ"

"အိမ်ကောင်းကောင်း တလုံးနဲ့ နေချင်တယ်။ ဒါကြောင့် ရှင့်ရဲ့ လူစကား ပြောတတ်တဲ့ ရွှေငါးကြီးဆီမှာ သွားတောင်းပေး"

"မင်း သိပ်ရှုပ်တာပဲကွာ" လို့ တံငါသည်က ညည်းညည်းညူညူ ပြောလိုက်တယ်။

နောက်တနေ့မှာ တံငါသည်ဟာ ပင်လယ်ပြင်က ကျောက်ဆောင် ပေါ်ထိုင်ပြီး ရွှေငါးကြီးကို ခေါ်လိုက်တယ်။ "ပင်လယ်ထဲက လူစကားပြောတတ်တဲ့ ရွှေငါးကြီး၊ သင့်ကို တွေ့ချင်ပါတယ်" လို့ တံငါသည်က သုံးကြိမ်သုံးခါ ခေါ်လိုက်တယ်။ မလာရင်လည်း သူ့တဲကိုသူ ပြန်သွားတော့မယ်လို့ ဆုံးဖြတ် ထားတယ်။

ဒါပေမယ့် ရွှေငါးကြီးဟာ ပင်လယ်ထဲကနေ ခေါင်းကလေး ဖော်ပြီး ပေါ်လာပြန်တယ်။ "သင် ဘာများ အလိုရှိပါသလဲ" လို့ ရွှေငါးကြီးက မေးတော့ တံငါသည်က

"ကျွန်ုပ် ဘာမှ အလိုမရှိပါဘူး၊ ကျွန်ုပ်မိန်းမက တိုက်အိမ် ကောင်းကောင်းနဲ့ နေချင်တယ် ဆိုလို့ ခင်ဗျားဆီမှာ လာတောင်းတာပါ" လို့ ပြောပြလိုက်တယ်။

"သင့် မိန်းမဆီကို ပြန်သွားပါ၊ တိုက်အိမ်ထဲမှာ သင့်မိန်းမကို တွေရပါလိမ့်မယ်"

တံငါသည်ဟာ သူ့တဲ ရှိရာကို ပြန်သွားခဲ့တယ်။ အစက မရှိနေခဲ့ရာမှာ တိုက်အိမ်ကလေးတလုံး ဖြစ်နေတယ်။ တိုက်ရဲ့ ဘေးဘက် ပြတင်းပေါက်နားမှာ နှင်းဆီဥယျာဉ် ရှိတယ်။ နှင်းဆီနံ့တွေဟာ အိမ်ထဲမှာ သင်းနေတာပေါ့။

တိုက်ရှေ့မှာလည်း အရိပ်ရတဲ့ သစ်ပင်ကြီးတွေဟာ စီတန်းပြီး ပေါက်နေတယ်။ တိုက်အိမ်ကို အရိပ်မိုးထားလို့ အေးမြနေတယ်။ တံခါးနှစ် ပေါက်ဟာ ရှေ့တပေါက် နောက်တပေါက် ရှိတယ်။ ပြတင်းပေါက် ခြောက်ပေါက်က တိုက်ရဲ့ ဘေးတဖက် တချက်မှာ ရှိနေကြတယ်။ တံငါသည်ဟာ သူ့မိန်းမကို တိုက်ထဲမှာ တွေ့လိုက်တယ်။

"ကဲ တိုက်အိမ်ကလေးနဲ့ နေရလို့ အခု မင်းပျော်သွားပြီ မဟုတ်လား" လို့ တံငါသည်က မေးလိုက်တယ်။ "ပျော်တာပေါ့ရှင်၊ တိုက်ကလေးက လှလည်း လှပြီး အိမ်ဘေးက ဥယျာဉ်က နှင်းဆီပန်းနံ့တွေ ကလည်း မွှေးတယ်။ ဒါပေမယ့် အိမ်ထဲမှာ အခန်းဖွဲ့ ထားတာတွေက သိပ်မကျယ်ဘူးရှင့်" လို့ တံငါသည်ရဲ့ မိန်းမက ပြန်ပြောတယ်။

တပတ်လောက်ကြာတော့ သူ့မိန်းမက ပြောပြန်တယ်။ "တိုက်လှလှလေးနဲ့ နေရတာတော့ ကောင်းပါရဲ့၊ ဒါပေမယ့် ရှင်က တံငါသည် ဖြစ်နေတဲ့အတွက် ကျွန်မကလည်း တံငါသည်မယား ဖြစ်နေတာပေါ့၊ တံငါသည်မယားဆိုတော့ လူအထင်မကြီးဘူးရှင့်၊ ရွာက လူတွေက ကျွန်မကို သိပ်ပြီး ခေါ်ပြောပြော မဆက်ဆံချင်ကြဘူး၊ တံငါသည်မယားကို ဘယ်သူကမှ အပေါင်း မသင်းမလုပ်ကြဘူး"

"ဒါဖြင့် မင်းဘာဖြစ်ချင်လဲ" တံငါသည်က စိတ်ပျက်လက်ပျက်ဖြစ်ပြီး မေးလိုက်တာပေါ့။

"ရှင့်ကို ဘုရင်ကြီး ဖြစ်စေချင်တယ်။ ဒါဆို ကျွန်မက မိဖုရား ကြီးဖြစ်သွားမယ်။ နန်းတော်ကြီးနဲ့ နေပြီး ဘာမဆို လိုချင်တာ အကုန်ရမယ်၊ အစေခံတွေ အခြွေအရံတွေလည်း ပြည့်စုံမယ်၊ ကျွန်မ ဘယ်ကိုပဲ သွားသွား တခြားမိန်းမတွေက အရိုအသေ ပြုကြမယ်၊ လေးလေးစားစား ဆက်ဆံကြမယ်၊ သိပ်ပျော်စရာ ကောင်းမှာပဲရှင့်"

"ငါကတော့ ရှင်ဘုရင် မဖြစ်ချင်ဘူးကွာ၊ ငါ ရှင်ဘုရင်လို မနေတတ်ဘူး၊ တံငါသည်ဘဝမှာပဲ ပျော်တယ်၊ သစ်ပင်ရိပ်က မြေကြီးပေါ်မှာပဲ နေချင်တယ်"

"ဒါပေမယ့် ကျွန်မကတော့ ဘုရင်မကြီး ဖြစ်ချင်တယ်ရှင့်"

ဒါနဲ့ပဲ တံငါသည်ဟာ ရွှေငါးကြီးနဲ့ ထပ်တွေ့ဖို့ သွားရပြန်တယ်။ "ပင်လယ်ထဲက လူစကားပြောတတ်တဲ့ ရွှေငါးကြီး ကျွန်ုပ် သင့်ကို တွေ့ပါရစေ" လို့ သုံးခွန်းတိတိ ခေါ် အပြီးမှာ ရွှေငါးကြီးရဲ့ ဦးခေါင်းဟာ ရေမျက်နှာပြင်ပေါ်မှာ ပေါ်ထွက်လာတယ်။

"သင် ဘာကို အလိုရှိသလဲ"

"ကျွန်ုပ် ဘာကိုမှ မလိုချင်ပါဘူးဗျာ၊ ဒါပေမယ့် ကျုပ်မိန်းမက ဘုရင်မကြီး ဖြစ်ချင်သတဲ့"

"ကောင်းပြီး သင့်မိန်းမဆီ ပြန်သွားပါ၊ ဘုရင်မကြီး ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်"

တံငါသည်က ပြန်လာခဲ့တယ်။ တိုက်နေရာမှာ နန်းတော်ကြီး ဖြစ်နေတယ်။ တံခါးဝမှာ တံခါးမှူးနှစ်ယောက်က သူ့ကို အခန်းကြီး တခန်းထဲကို ခေါ်သွားကြတယ်။

"ရွှေသလွန်ပေါ်မှာ သူ့မိန်းမဟာ ရွှေအင်္ကျီတွေနဲ့ ထိုင်နေတယ်။ သူ့မိန်းမရဲ့ ဦးခေါင်းပေါ်မှာ စိန်စီထားတဲ့ သရဖူ ဆောင်းထားတယ်။ "မင်း အခုပျော်သွားပြီး မဟုတ်လား ဘုရင်မကြီး" လို့ တံငါသည်က မေးလိုက်တော့ သူမိန်းမက

"နေရထိုင်ရတာ လွတ်လွတ်လပ်လပ် မရှိဘူးရှင့်၊ ဝတ်ထားတဲ့ ရွှေအင်္ကျီ ရွှေထဘီတွေကလည်း အိုက်စပ်စပ်နဲ့၊ စားရတာကလည်း ဟန်အမူအရာလေးနဲ့၊ ပြီးတော့ ခေါင်းပေါ်မှာကလည်း သရဖူပြုတ်မကျအောင် မနည်း ထိန်းထားရတယ်၊ စကားပြောတော့လည်း ထီးသုံးနန်းသုံး စကားတွေမတတ်လို့ အပြောရခက်တယ်၊ ကျွန်မ မပျော်ပါဘူးရှင်" လို့ ပြောတယ်။

နောက်တနေ့မှာတော့ တံငါသည်က ပင်လယ် ကျောက်ဆောင်ပေါ်ကို သွားထိုင်တယ်။ "ပင်လယ်ထဲက လူစကားပြောတဲ့ ရွှေငါးကြီးမင်း၊ ကျွန်ုပ် သင့်ကို တွေ့ချင်ပါတယ်" လို့ သုံးကြိမ် ခေါ်အပြီးမှာ ရွှေငါးကြီး ပေါ်လာပြီး

"သင် ဘာအလိုရှိပါသလဲ" လို့ မေးတယ်။ "ကျွန်ုပ် မိန်းမက ဘုရင်မကြီးဘဝမှာ မပျော်ပိုက်ဘူးလို့ ပြောပါတယ်"

"ကောင်းပြီ၊ သင့်မိန်းမနဲ့သင် ပျော်ပျော်ရွှင်ရွှင် နေရပါလိမ့် မယ်၊ ပြန်သွားပါ" တံငါသည်ဟာ ရွှေနန်းတော်ကြီး ရှိခဲ့တဲ့ နေရာကိုပြန်သွား တယ်။ ဒါပေမယ့် ရွှေနန်းတော်ကြီးကို မတွေ့ရတော့ဘူး။ သူ့မိန်းမဟာ သစ်ပင်ရိပ်က မြေပြင်မှာ ထိုင်နေတာကို တွေ့လိုက်ရတယ်။

"ကဲ ဘယ်နှယ်လဲ၊ မင်း ကျေနပ်သွားပြီလား" လို့ တံငါသည်က မေးလိုက်တယ်။ "အခုလို လွတ်လွတ်လပ်လပ် နေရတာ အပျော်ဆုံးပါပဲ" လို့ သူ့မိန်းမကို ပြန်ဖြေတယ်။ အဲဒီဘဝမှာပဲ သူတို့လင်မယား ပျော်ပျော်ရွှင်ရွှင် နေထိုင် သွားကြပါတော့တယ်။ phoomyatchal

Post a Comment

0 Comments