ပူပြင်းလှတဲ့ နွေရာသီတခုမှာ ကုန်သည် တယောက်ဟာ သူရဲ့ ကုန်စည်တွေ ဖြစ်တဲ့ အုန်းသီးတွေကို မြင်းပေါ် တင်ပြီးတော့ ခရီးဆက်လာ ခဲ့ပါတယ်။
ဒီလိုနဲ့ တရွေ့ရွေ့ ခရီးထွက်လာရင်း ခရီးတထောက် အနားမှာတော့ သစ်ပင်တပင်အောက်မှာ ထိုင်နေတဲ့ အဘိုးအိုကြီး တဦးကို တွေ့လိုက်ရပါတယ်။
အဲ့ဒီအခါ ကုန်သည်ကြီးက အဖိုးအိုကြီးကို သူသွားလိုတဲ့ အရပ်ဒေသ ရောက်ရှိဖို့အတွက် ဘယ်လောက်သွားဖို့ လိုသေးလဲ လို့ မေးလိုက်ပါတယ်။ အဲ့ဒီအခါ အဖိုးအိုကြီးက အခုလိုပဲ ဖြေလိုက်ပါ တယ်။
"ကုန်သည်ကြီးရေ နေကလည်း အတော်လေး ပူတယ်နော်။ အဲ့ဒါကြောင့် သင် ဖြည်းဖြည်းနဲ့ ပုံမှန်ပဲ ဆက်သွားပါ။ မကြာမီ သင်သွားလိုတဲ့ အရပ်ဒေသကို ရောက်မှာပါ။ ဒါပေမဲ့ ရောက်ချင်ဇောနဲ့ မြန်မြန်သွားမယ် ဆိုရင်တော့ တနေကုန် တာတောင် ရောက် ဖို့ မလွယ်ဘူး" လို့ မှာကြားလိုက် ပါတယ်။
ကုန်သည်ကြီးဟာ အဖိုးအိုကြီးရဲ့ စကားကို အဓိပ္ပာယ် မရှိဘူးလို့ ယူဆပြီး နဂိုသွားနေတဲ့ နှုန်းထက် ခပ်သွက်သွက် ခရီးဆက်ခဲ့ပါတယ်။
မကြာမီမှာပဲ မြင်းဟာ တင်ထားတဲ့ အုန်းသီးတွေရဲ့ အလေးချိန်ကို မခံနိုင်တော့ဘဲ မောပန်းလာကာ ချော်လဲကျပြီး ကျောပေါ်မှာ တင်ထားတဲ့ အုန်းသီးတွေ အားလုံးဟာ မြေပြင်ပေါ်ကို ပြုတ်ကျကုန် ပါတယ်။
အဲ့ဒီအခါ ကုန်သည်ကြီးလည်း ကပျာကယာ နဲ့ မြေပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ အုန်းသီးတွေကို တလုံးချင်းစီ ပြန်လည်ကောက်ယူပြီး ခရီးဆက်ရပြန်တယ်။ အုန်းသီးတွေ ပြန်ကောက်ယူ လိုက်ရတဲ့အတွက် အချိန်ကြာသွားတာကြောင့် ကုန်သည်ကြီးဟာ ခပ်သွက်သွက်လေး ခရီးဆက်ခဲ့ ပြန်ပါတယ်။
မကြာမီမှာပဲ ပထမတခေါက် အဖြစ်အပျက်အတိုင်း မြင်းကိုယ်ပေါ်မှာ တင်ထားတဲ့ အုန်းသီးတွေဟာ ထပ်ပြီး ပြုတ်ကျပြန်တယ်။ ကုန်သည်ကြီးလည်း ပြုတ်ကျတဲ့ အုန်းသီးတွေကို ပြန်လည် ကောက်ယူထည့်ပြီး ခရီးဆက်ခဲ့ရာ မှောင်စပျိုးချိန် ရောက်မှသာ သူသွားလိုတဲ့ နေရာကို ရောက်ရှိခဲ့ ပါတော့တယ်။
ဒီအကြောင်းအရာလေးကနေ ပေးချင်တဲ့ အသိလေး တခုကတော့ အလုပ်လုပ်တဲ့အခါ ပြီးချင်ဇောနဲ့ လုပ်ဆောင်ပါက လိုအပ်တာထက် ပိုပြီး ကြာတတ်ပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်တဲ့ အကြောင်းကို သတိပြုစေလိုပါတယ်။
အလားတူပင် လုပ်ငန်းခွင်များမှာလည်း အထက်အရာရှိများဟာ အလုပ်ပြီးမြောက်ရေး တခုထဲကိုသာ အလေးထားပြီး ဝန်ထမ်းတွေကို အတင်းဖိအားပေး ခိုင်းစေမယ်ဆိုရင် "အလျင်လို အနှေးဖြစ်" ဆိုတဲ့ အတိုင်း မလိုလားအပ်တဲ့ အမှားတွေ ဖြစ်ပေါ်လာနိုင်ပြီး သတ်မှတ်ပြီးစီးချိန်ထက် ပိုမိုကြာမြင့် သွားနိုင်ပါတယ်။
အဲ့ဒါကြောင့် ဘာအလုပ်ပဲ လုပ်လုပ် ကိုယ့်မှာရှိတဲ့ သက်ရှိသက်မဲ့ အရာဝတ္တုတွေရဲ့ အရည်အချင်း၊ တတ်နိုင်တဲ့ စွမ်းအား ပမာဏတို့ကို နားလည် သဘောပေါက်ပြီး သင့်တင့်မျှတစွာ သုံးသင့်၊ ခိုင်းသင့် ပြုလုပ်သင့် ပါတယ်။ Crd
0 Comments