တခါက မြို့တမြို့မှာ လယ်သမားတယောက် ရှိသတဲ့။ သူ့ခမျာမှာ သူဌေးစဉ်းလဲ တယောက်က ညှဉ်းဆဲသဖြင့် အလွန် ဒုက္ခ ရောက်ရရှာ သည်။ သူ့လယ်က စပါးအထွက် ကောင်းကောင်း ညံ့ညံ့၊ သူ့မှာတော့ ဆင်းရဲတွင်းက မထွက်။
သူဌေးငစဉ်းလဲ မှာသာ တနေ့တခြား စီးပွားတက်သည်။ နောက်ဆုံး သူ့ အိတ်ထဲမှာ တပြားတချပ်မျှ မကျန်အောင် မွဲသွားသောအခါ လယ်သမားသည် သူဌေးဆီသို့ သွား၍ ဤသို့မေးသည်။
"သူဌေးကြီး၊ ကျောက်ခဲကို ဆီကြိတ်လို့ မရပါဘူး။ အခုလဲ ကျုပ်မှာ ဘာမှ မရှိလို့ ခင်ဗျား ကျုပ်ဆီက ဘာမှ ရနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီတော့ သူဌေး ဖြစ်နိုင်တဲ့ နည်းများရှိရင် ပြောမပြနိုင်ဘူးလား" ဟု မေး သည်။
"အို မိတ်ဆွေရယ်၊ စီးပွားချမ်းသာကို ရာမနတ်က ပေးတာပေါ့။ ရာမနတ် ဆီမှာ သွားတောင်းပါလား" ဟု သူဌေးက ပြန်ပြောလိုက်သည်။
ထိုအခါ လယ်သမားသည် အိမ်ပြန်သွား၍ ခရီးသွားရင်း စားရအောင် မသိုးမုန့် သုံးခု လုပ်ပြီးလျှင် ရာမနတ်ကို ရှာရန် ခရီးထွက်သွားလေသည်။ ပထမ သူသည် ပုဏ္ဏားတယောက်ကို တွေ့၍ မုန့်တခု ပေးပြီးလျှင် ရာမနတ် နေရာအရပ်ကို လမ်းပြရန် မေးသည်။
သို့သော် ပုဏ္ဏားသည် မုန့်ကိုသာ ယူပြီးလျှင် စကား တခွန်းမျှ ပြန်မပြောဘဲ ထွက်သွားသည်။ နောက် သူသည် ယောဂီတဦးကို တွေ့၍ မုန့်တခုပေးပြီးလျှင် ရာမနတ် နေရာအရပ်ကို လမ်းပြရန် မေးပြန်သည်။ ယောဂီကလည်း ဘာမျှ ပြန်မပြော။
နောက်ဆုံး သစ်တပင် ခြေရင်းတွင် ထိုင်နေသော ဆင်ရဲသား တယောက်ကို တွေ့၍ သနားသဖြင့် ကျန်သေးသော မသိုးမုန့်ကို ပေးပြီးလျှင် စကားစမြည် ပြောရင်း ဆင်းရဲသား အနားတွင် သူထိုင်လိုက်သည်။ "မိတ်ဆွေ၊ ဘယ်ကိုသွားမလို့လဲ" ဟု ဆင်းရဲသားက မေးသည်။
"ဪ၊ ကျုပ်ခရီးက အတော်ရှည်ပါတယ်၊ ရာမနတ်ကို ရှာချင်လို့ အိမ်က ထွက်လာတာပဲ။ ရာမနတ်ရှိတဲ့ အရပ်ကိုများ မိတ်ဆွေ သိပါ သလာ" ဟု လယ်သမားက သိလိုသိငြား မေးလိုက်သည်။
"အို သိပါသော်ကောဗျာ။ ရာမနတ်ဆိုတာ တခြားမဟုတ်ဘူး။ ကျုပ်ပဲဗျ၊ ကျုပ်ကို ဘာဖြစ်လို့ ရှာချင်ရတာလဲ" ဟု ဆင်းရဲသားက ပြုံး၍ ပြန်ဖြေသည်။ ထိုအခါ လယ်သမားက သူ့အဖြစ်အပျက်ကို အကုန်လုံး ပြောပြသည်။ ရာမနတ်လည်း လယ်သမားကို အလွန် သနားသဖြင့် ခရုသင်းတခုကို ပေးပြီးလျှင် သက်ပြန်မှုတ်နည်းကို သင်ပေးပြီးနောက် ဤသို့မှာသည်။
"ကဲ၊ မှတ်ထား၊ ကျုပ်ပြောမယ်၊ မိတ်ဆွေ တခုခုကို လိုချင်ရင် စိတ်ထဲက တောင့်တ လိုက်ပြီး ခရုသင်းကို သက်ပြန် ခုနစ်ကြိမ် မှုတ်လိုက်၊ လိုတာကို ရလိမ့်မယ်။ ဒါပေမယ့် သူဌေးစဉ်းလဲကိုတော့ သတိထား၊ စဉ်းလဲတဲ့ လူကို နတ်တွေ သိကြားတွေလဲ မတတ်နိုင်ဘူး" ဟု မှာလိုက်သည်။
လယ်သမားသည် ဝမ်းသာအားရနှင့် အိမ်ပြန်သွားသည်။ သူ ဝမ်းသာအားရနှင့် တပြုံးပြုံးတရွှင်ရွှင် ဖြစ်လာသည်ကို သူဌေးစဉ်းလဲက ချက်ချင်း သတိထားမိသည်။
"သည်လယ်သမားတော့ အခုလို တရွှင်ရွှင် တပြုံးပြုံး ဖြစ်နေတာကို ထောက်ရင် တခုခု ကော်ပေါက် တိုးလာပြီ ထင်တယ်" လို့ တွေးလိုက်သည်။ ထို့ကြောင့် သူဌေးသည် လယ်သမားအိမ်သို့ သွားပြီးလျှင် လယ်သမား ကော်ပေါက် တိုးလာပုံကို သိပြီ ယောင်ဆောင်၍ လှည့်ကာ ပတ်ကာ ပြောလေရာ လူရိုးကြီး လယ်သမားလည်း အဖြစ်အပျက်အလုံးစုံကို ထုတ်ပြောမိတော့သည်။ ကံကောင်းထောက်မ၍ ခရုသင်းကို သက်ပြန် မှုတ်ရမည့် အကြောင်းကိုကား မပြောမိဘဲ မေ့သွားလေသည်။
သို့သော် သူဌေးစဉ်းလဲသည် ထိုခရုသင်းကို တနည်းနည်းနှင့် အရယူမည်ဟု အကြံထုတ်နေသဖြင့် အလစ်ကြုံသောအခါ တညတွင် ခရုသင်းကို ခိုးယူလိုက်သည်။ ခရုသင်းကို ရသောအခါ သူသည် ဗိုက်ကြီး ပေါက်ကွဲသွားတော့မတတ် အမျိုးမျိုး မှုတ်ကြည့်သည်။ သို့သော်လည်း မှုတ်နည်း မမှန်သဖြင့် အကျိုးမထူးသောကြောင့် နောက်ဆုံးတွင် လက်လျှော့ လိုက်ရသည်။
သို့ဖြင့် တနေ့သောအခါ သူဌေးစဉ်းလဲသည် လယ်သမားထံသို့ သွား၍ ဤသို့ ပြောသည်။ "မိတ်ဆွေ လယ်သမား၊ ခင်ဗျားရဲ့ ခရုသင်းဟာ ကျုပ်ဆီမှာရှိတယ်။ ဒါပေမယ့် ကျုပ် အသုံးပြုလို့ မရဘူ။
ခရုသင်းဟာ ခင်ဗျားဆီမှာ မရှိတော့ ခင်ဗျားလဲ အသုံးမပြုနိုင်ဘူး။ သည်တော့ ခင်ဗျားလဲ အကျိုးမရှိဘူး ကျုပ်လဲ အကျိုးမရှိဘူးပေါ့။ ကဲ၊ နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိရအောင် ခင်ဗျား ကျုပ်စကားကို နားထောင်ပါ။
ကျုပ်က ခင်ဗျားကို ခရုသင်း ပြန်ပေးမယ်။ ခင်ဗျား သုံးချင်သလိုသုံး၊ ဒါပေမယ့် ခရုသင်းက ခင်ဗျားကို ဆုတခု ပေးရင် ကျုပ်ကို နှစ်ခုပေးအောင် ဆောင်ရွက်ပေးပါ့မယ်လို့ ခင်ဗျား ကတိပေး ရမယ်၊ ဟုတ်ပလား" ဟု နားချ ပြောဆိုလေသည်။
"အို၊ တသက် မပေးဘူး။ အရင်ကလဲ ခင်ဗျား သည်လိုနဲ့ ကျုပ်ကို မွဲပြာကျအောင် လုပ်ခဲ့ပြီ" ဟု လယ်သမားက ပြန်ပြောသောအခါ သူဌေးစဉ်းလဲက
"ဒီလိုလည်း မဟုတ်ဘူးလေ၊ အခုတခါတော့ ခင်ဗျားလဲ ဝေစုရမှာပဲ မဟုတ်လား။ ခင်ဗျား လိုချင်တာကို ရနေရင် ကျုပ် သူဌေးဖြစ်နေတော့ကော ဘာဖြစ်သေးသလဲဗျ" ဟု ဆက်လက် နားချပြန်သည်။ ထိုသို့ နားချဖန် များသောအခါ လယ်သမားသည် သဘောတူလိုက် ရတော့သည်။
ထိုနေ့မှ စ၍ လယ်သမားသည် မိမိလိုချင်သည်ကို တောင့်တ၍ ခရုသင်းကို မှုတ်လျှင် သူက တခုရ၍ သူဌေးက နှစ်ခု ရလေတော့သည်။ လယ်သမားလည်း မခံချိမခံသာနှင့် မိမိလိုချင်သည်ကို ရနေပါသော်လည်း မပျော်ရွှင်နိုင်ရှာပေ။
မကြာခင်ပင် နွေရာသီသို့ ရောက်လျှင် နေအလွန် ပူသဖြင့် လယ်သမား၏ စပါးပင်များ ညှိုးလာသည်။ ထို့ကြောင့် ရေတွင်းကို တောင့်တကာ ခရုသင်းကို မှုတ်သည်။ လယ်သမားက ရေတွင်းတတွင်းရသည်။ သူဌေးငစဉ်းလဲက နှစ်တွင်း ရသည်။
လယ်သမားမှာ အထူးပင် မခံချိ မခံသာ ဖြစ်လာသည်။ ထို့ကြောင့် သူသည် ခရုသင်းကို ကိုင်ကာ သက်ပြန်ခုနစ်ချက် မှုတ်လိုက်ပြန်ပြီးလျှင် "အို ရာမ နတ်မင်း၊ ကျွန်ုပ်သည် မျက်စိတဖက် ကန်းသောသူ ဖြစ်ရပါလို၏" ဟု ဆုတောင်းလိုက်သည်။
သူ၏ မျက်စိတစ်လုံး ကွယ်သွားသည်။ သူဌေး စဉ်းလဲ၏ မျက်စိနှစ်လုံးလည်း ကွယ်သွားသည်။ ထိုအခါ သူဌေး စဉ်းလဲသည် ရေတွင်းနှစ်ခု ကြားတွင် စမ်း၍ သွားရာ ရေတွင်း တခုထဲသို့ လိမ့်ကျပြီးလျှင် သေလေတော့၏။
တသက်လုံး သူဌေးစဉ်းလဲ၏ ညှဉ်းဆဲခြင်းကို ခံလာရရှာသော လယ်သမားသည် နောက်ဆုံး၌ သူဌေးစဉ်းလဲ ပေါ်တွင် အနိုင်ရလိုက်သည်။ သို့သော်လည်း မျက်စိတလုံးကား အဆုံးခံလိုက်ရ သေးသတည်း။ Crd
0 Comments