ကားမောင်းလိုင်စင်ရဖို့က လူအများစုအတွက်တော့ စိတ်လှုပ်ရှားစရာကောင်းပါတယ်။ ကားမောင်းတဲ့အခါမှာ ကြောက်လန့်နေတာ၊ တွေးပူနေတာတွေ ဖြစ်ပေါ်နေတယ်ဆိုရင် ကျွမ်းကျင်ဖို့အတွက် အခက်အခဲဖြစ်နိုင်ပါတယ်။
အဲဒါကြောင့် ကားစမောင်းတဲ့အခါ ကြောက်တဲ့စိတ်ကို ဘယ်လိုဖျောက်နိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်နော်။
၁။ ကြောက်စိတ်ကို ရင်ဆိုင်တဲ့နည်းလမ်းနဲ့ ဖျောက်ပါ။
ကြောက်တဲ့စိတ်ကို ရဲရဲဝင့်ဝင့်ရင်ဆိုင်နိုင်ရင် ကြောက်စိတ်က မရှိတော့ပါဘူး။ ကားမောင်းတဲ့အခါမှာ ကြောက်နေရင် ကားထဲမှာ ၅ မိနစ်လောက် နေ့စဉ်ထိုင်နေပါ။ အဲဒီကနေ အချိန်ပေးပြီး ဖြည်းဖြည်းချင်း စမောင်းပါ။
ကားစမောင်းတဲ့အခါ လူရှင်းတဲ့နေရာ၊ ယာဉ်တွေမရှုပ်ထွေးတဲ့နေရာကို ရွေးသင့်ပါတယ်။ နောက်ဆုံးမှာတော့ စိတ်ပူပန်နေတာမရှိဘဲ ကားမောင်းရတာ အဆင်ပြေသွားမှာပါ။
၂။ တစ်ယောက်တည်း မမောင်းပါနဲ့။
ကားမောင်းရမှာ ကြောက်တာက တစ်ယောက်တည်းမောင်းရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် ကားကို စတင်မောင်းတဲ့အခါမှာ ဘေးမှာ အဖော်နဲ့မောင်းပါ။
ကားမောင်းတဲ့အချိန်တွေ ပိုများလာလေ တစ်ယောက်တည်းမောင်းဖို့ ယုံကြည်မှုရှိလာလေပါပဲ။ ကားမောင်းတဲ့အခါမှာ စိတ်ရှည်ပြီး ကျွမ်းကျင်တဲ့ဆရာက ရှောင်သင့်တဲ့အန္တရာယ်တွေ၊ နည်းလမ်းတွေကို ညွှန်ပြပေးနိုင်ပါတယ်။
၃။ နေ့ဘက်မှာ မောင်းပါ။
ကားကို စမောင်းတဲ့အခါမှာ ညဘက်ကို မမောင်းသေးဘဲ နေ့ဘက်မှာပဲ မောင်းပါ။ ညအမှောင်က လူတွေ၊ တိရစ္ဆာန်တွေ၊ ယာဉ်တွေကို ရှောင်ဖို့ ပိုခက်ခဲနိုင်ပါတယ်။ နေ့ဘက်မှာ မောင်းရင်းနဲ့ ကျွမ်းကျင်လာတဲ့အခါမှာတော့ ညဘက်မှာပါ ကြောက်စိတ်မရှိဘဲ မောင်းနိုင်သွားမှာပါ။
၄။ ကားမောင်းတဲ့အခါမှာ စိတ်ကို ကြည်ကြည်လင်လင်ထားပါ။
ကားမောင်းရင်းနဲ့ သီချင်းဖွင့်ထားတာက endorphins ဟော်မုန်းတွေ ထွက်လာစေပါတယ်။ အဲဒီဟော်မုန်းက စိတ်ကို တည်ငြိမ်အောင် ပုလုပ်ပေးပါတယ်။
နောက်တစ်နည်းကတော့ မွှေးပျံ့တဲ့ရနံ့တွေကို ရှူရှိုက်ရင်းနဲ့ ကားမောင်းတာကလည်း စိတ်ကို ကြည်လင်စေပါတယ်။ စိတ်မကြည်မလင် ဒေါသထွက်ရင်းနဲ့ ကားမောင်းတာက ဘေးအန္တရာယ်ဖြစ်ပေါ်စေနိုင်ပါတယ်။
၅။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိပါ။
ကားစမောင်းတဲ့အခါမှာ အနည်းငယ်စိတ်လှုပ်ရှားနေနိုင်ပါတယ်။ အထူးသဖြင့် အဝေးပြေးလမ်းမကြီးတွေမှာ မောင်းတဲ့အခါမှာ မဝံ့မရဲဖြစ်နေတတ်ပါတယ်။ အဲဒါကြောင့် ခရီးတိုလေးတွေကို ရွေးချယ်ပါ။
ကားတွေရှုပ်တဲ့လမ်းမကြီးတွေထက် လူရှင်းတဲ့ခရီးတိုလေးတွေမှာ မောင်းတဲ့အခါ အရင်ကထက် ပိုမိုတိုးတက်လာမှာပါ။ ဒါ့အပြင် ကားမောင်းတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထားဖို့က အဓိကပါပဲ။
Zombie (lovemedia)
0 Comments