ဘဝမမေ့ပါနဲ့

တခါတုန်းက မိဘမဲ့ သူဆင်းရဲ ကောင်လေးတယောက် ရှိခဲ့တယ်။ သူဟာ ဆင်းရဲလွန်း တာကြောင့် လမ်းပေါ်မှာ တောင်းရမ်းစားသောက်ရသူ တယောက် ဖြစ်ပါတယ်။

ဒီလိုနဲ့ တနေ့တော့ ကောင်လေးဟာ လမ်းပေါ်မှာ တောင်းရမ်းရင်း ရုတ်တရက် မိုးအရမ်း သည်းလာတာကြောင့် အနီးဆုံးမှာရှိတဲ့ ကြီးမားတဲ့ သစ်ပင်ကြီးတပင် အောက်ကို ပြေးဝင်လိုက်ပါတယ်။

ကောင်လေးဟာ မိုးခိုစရာနေရာ လိုလာရင်ပဲ ဖြစ်ဖြစ် ညဘက် အိပ်စက်ဖို့ အတွက်ပဲ ဖြစ်ဖြစ် အဲဒီ သစ်ပင်ကြီးအောက်ကိုပဲ လာလေ့ ရှိတာကြောင့် အပင်ကြီးနဲ့ တဖြည်းဖြည်း ရင်းနှီးလာခဲ့တယ်။

သူတို့နှစ်ဦးဟာ အတူရှိချိန်တိုင်း စကားတွေ ပြောကြတယ်။ ပြီးတော့ ရယ်မောကြပါတယ်။ တဖြည်းဖြည်း ကောင်လေးနဲ့ အပင်ကြီးဟာ သံယောဇဉ် တွယ်လာခဲ့ကြပါတယ်။

တနေ့မှာတော့ ကောင်လေးကို အလွန် ချမ်းသာကြွယ်ဝတဲ့ သူဌေးကြီး တယောက်က လမ်းပေါ်မှာ တွေ့ပြီး ခေါ်ယူ မွေးစားခဲ့ ပါတယ်။ ကောင်လေးဟာ နန်းတော်တမျှ ခမ်းနားတဲ့ အိမ်ကြီးမှာ နေရင်း ပျော်ရွှင်နေ ခဲ့ပါတယ်။ သူဟာ သူ့ရဲ့ ခိုလှုံရာ အပင်ကြီးကိုလည်း မေ့လျော့ သွားခဲ့ပါတယ်။

နှစ်တွေ ကြာလာတဲ့အခါ ကောင်လေးဟာ အရွယ်ရောက် လာခဲ့ပါတယ်။ တနေ့ သူဟာ ကားမောင်းရင်း လမ်းဘေးမှာ အရွက်တွေ မကျန်တော့ပဲ အိုမင်းဟောင်းနွမ်းပြီး ရင့်ရော်နေတဲ့ အပင်ကြီးတပင်ကို တွေ့တော့ အပင်ကြီးအောက်ကို ရောက်လာခဲ့ ပါတယ်။ ပြီးတော့ ကောင်လေးဟာ သူ့ရဲ့ ငယ်ဘဝကို တဖြည်းဖြည်း ပြန်လည် သတိရလာခဲ့ ပါတယ်။

အဲဒီအချိန်မှာပဲ အိုမင်းနေတဲ့ အပင်ကြီးဟာ "မင်း ပြန်လာပြီလား ကောင်လေး။ ငါမင်းကို စောင့်နေခဲ့တာ ခုဆိုရင် ၁၀ နှစ်တောင် ကြာခဲ့ပြီ" လို့ ဝမ်းနည်းစွာ ပြောလိုက်ပါတယ်။ ကောင်လေးဟာ မျက်ရည်လည်ရင်း နောင်တရစွာ သစ်ပင်ကြီးကို ဖက်ရင်း ငိုကြွေးလိုက်ပါတယ်။

အဲဒီအချိန်မှာပဲ အပင်ကြီးဟာ တဖြည်းဖြည်းနဲ့ ပင်စည်ဟာ ကြီးလာပြီး အရွှက်တွေလည်း ပြန်လည် ဝေဆာလာခဲ့ ပါတယ်။ နောက်ပိုင်းမှာတော့ ကောင်လေးဟာ အပင်ကြီးဆီကို နေ့တိုင်းလာရင်း ပျော်ရွှင်စွာ နှစ်ဦးသား စကားပြောကြရင်း၊ ရယ်ကြရင်း တသက်လုံး နေထိုင်သွား ကြပါတယ်။

ကျွန်တော်တို့ တတွေဟာ အဟောင်းနဲ့အသစ် ယှဉ်လာတဲ့အခါ အသစ်ကိုပဲ မက်မောဖက်တွယ် တတ်ကြပါတယ်။ ကိုယ့်အပေါ် အချိန်ကြာမြင့်စွာ အတူ ရှိနေပေးခဲ့တဲ့၊ ကိုယ့်ကို တင့်တယ်စေခဲ့တဲ့၊ သူတွေရဲ့ တန်ဖိုးကို အသစ်တခုကို မြင်တိုင်း မေ့လျော့ သွားတတ် ကြပါတယ်။

ကျွန်တော်တို့ အဝတ်အစား အသစ်တစုံ ဝတ်တိုင်းမှာ ကိုယ့်ကို နှစ်ပေါင်းများစွာ လုံခြုံစေခဲ့တဲ့ အဝတ်ဟောင်း တစုံရဲ့ တန်ဖိုးကို လစ်လျူရှုထား တတ်ကြပါတယ်။

ကျွန်တော်တို့ မိတ်ဆွေသစ်တယောက် ရတိုင်းမှာ ကိုယ်နဲ့ နှစ်ပေါင်းများစွာ ဆိုးတူ ကောင်းဖက် အတူ ရှိနေပေးခဲ့တဲ့ သူငယ်ချင်းရဲ့ တန်ဖိုးကို မေ့ပျောက်သွားတတ် ကြပါတယ်။

ကျွန်တော်တို့ လူတယောက်ရဲ့ ကူညီ ဂရုစိုက်မှုကို တခါရတိုင်း အဲဒီသူအပေါ် ကျေးဇူးတင်မဆုံး ဖြစ်တတ်ကြပေမယ့် မွေးကတည်းက ကြင်နာ ဂရုစိုက်ခဲ့တဲ့ မိဘတွေရဲ့ တန်ဖိုးကို မမြင်နိုင် ဖြစ်နေတတ် ကြပါတယ်။

ကျွန်တော်တို့ အပေါ် တစုံတယောက်ရဲ့ ကြင်နာမှုကို မြင်ရတိုင်းမှာ ဝမ်းသာမဆုံး ဖြစ်တတ် ကြပေမယ့် ကိုယ့်ဘေးနားမှာ ကိုယ်ဝမ်းနည်း နာကျင်နေတဲ့အခါ၊ ကိုယ်ပျော်ရွှင် ကြည်နူးနေတဲ့အခါ မျှဝေခံစား ပေးတတ်တဲ့ ချစ်သူတယောက်ရဲ့ လုံခြုံစေမှုကို မျက်ကွယ်ပြုမိ သွားတတ်ကြတယ်။

တကယ်တော့ ကျွန်တော်တို့ အပေါ် တကယ်ချစ်ကြတဲ့ သူတိုင်းဟာ ကျွန်တော်တို့ ဘာတွေပဲ လုပ်လုပ်၊ သူတို့အပေါ် ဘယ်လောက်ပဲ မေ့လျော့နေ ပါစေ၊ ကျွန်တော်တို့ကို မေတ္တာပျက်မှာ မဟုတ်ပါဘူး။

ဘယ်လိုအချိန်မှာပဲ ဖြစ်ဖြစ် နောင်တတွေနဲ့ ပြန်လာခဲ့ရင် ကျွန်တော်တို့ကို နားလည် ခွင့်လွှတ်မှု အပြည့်နဲ့ အတိတ်က ရခဲ့တဲ့ လုံခြုံနွေးထွေးမှုတွေနဲ့ ဆီးကြိုနေမှာပဲ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments