ကောင်းတာတွေပဲ လုပ်ပါ

ဟိုးရှေးရှေးတုန်းက လူမိုက်တယောက်ဟာ ခရီးတခုကို ထွက်ခဲ့ပါတယ်။ လမ်းခရီးတလျှောက်လုံး တွေ့သမျှ အရာအားလုံးကို ပြဿနာရှာပြီး ဖျက်ဆီးခဲ့တယ်။

ချောင်းကို ဖြတ်ပြီး ထိုးထားတဲ့ တံတားတခုနားကို ရောက်တဲ့အခါမှာ ချောင်းကို ကူးပြီးတော့ တံတားကို ဖျက်ဆီးခဲ့တယ်။

ဒီလိုနဲ့ သူဟာ ခရီးဆက်ခဲ့တာ ရေအိုးစင် တခုကိုလည်း တွေ့ရော မောမောနဲ့ ရေသောက်ဖို့ လုပ်တယ်။ ဖြစ်ချင်တော့ ရေအိုးထဲမှာ ရေက မရှိဘူးတဲ့။ အဲဒါနဲ့ လူမိုက်က အရမ်း ဒေါသထွက်ပြီး ရေအိုးကို ရိုက်ခွဲလိုက် ပြန်တယ်။

အဲဒီလိုနဲ့ ခရီးဆက်သွားရင်း ညောင်ပင်ကြီးတပင် အောက်ကို ရောက်သွားပါတယ်။ အရိပ်က ကောင်းတော့ ခဏနားမယ် ဆိုပြီးအနားယူနေတဲ့ အချိန်မှာပဲ ရွှေအိုးတလုံးကို တွေ့ရှိ သွားခဲ့တယ်လေ။ လူမိုက်ဟာ အရမ်းကို ပျော်ရွှင်ပြီးတော့ ဝမ်းသာအားရ ဖြစ်သွား ပါတော့တယ်။

ထိုနည်းတူစွာပဲ လူကောင်း တယောက်ကလည်း လူမိုက်ထွက်ခဲ့တဲ့ လမ်းခရီး အတိုင်း သွားခဲ့ပါတယ်။ လမ်းခရီး တလျှောက်လုံး ပျက်စီးသမျှ တွေကို ပြုပြင်တယ်။

လူမိုက် ဖျက်ဆီးခဲ့တဲ့ တံတားနားကို ရောက်တဲ့အခါမှာ "တံတားက ပျက်စီးနေပါလား။ ငါဒီအတိုင်း ထားခဲ့လိုက်ရင် ခရီးသွား ပြည်သူတွေ ဒုက္ခရောက်မယ်" ဆိုပြီး တံတားကို ပြန်ပြုပြင် ပေးခဲ့လိုက်ပါတယ်။

လူကောင်းလည်း ခရီး ဆက်ထွက်ခဲ့ရာ လူမိုက်ရိုက်ခွဲခဲ့တဲ့ ရေအိုးစင်နားကို ရောက်တော့ ရေအိုးအသစ် တလုံးဝယ်ပြီး ရေဖြည့်ပေးခဲ့ ပြန်တယ်။

အဲဒီလိုနဲ့ ခရီးထွက်လာ လိုက်တာ လူမိုက် ရောက်ရှိခဲ့တဲ့ ညောင်ပင်ကြီး အောက်ကိုလည်း ရောက်ရောမောလိုက်တာ ဆိုပြီး ထိုင်ချလိုက်တဲ့ အချိန်မှာပဲ သစ်ပင်ပေါ်ကနေ ညောင်ကိုင်းဟာ ကျိုးကျပြီး ပေါင်ပေါ်ကို ကျကာ ပေါင်ကျိုးသွား ခဲ့ပါတယ်။

အဲဒီတော့ လူကောင်းက "ငါဒီလောက် ကောင်းမှုကုသိုလ်တွေ လုပ်နေရက်သားနဲ့ ဘာဖြစ်လို့များ ကံဆိုးမိုးမှောင် ကျရတာလဲ" လို့ လောကကြီးကို စိတ်ပျက်ပြီး ငြီးတွားနေတဲ့ အချိန်မှာပဲ သိကြားမင်းက ရောက်လာပြီးတော့ ရှင်းပြပါတယ်။

"ပထမလာတဲ့ လူမိုက်သည် အရင်ဘဝက ကောင်းမှုကုသိုလ်တွေ အများကြီး လုပ်ခဲ့တဲ့ အတွက်ကြောင့် ဒီညောင်ပင်ကြီးအောက်ကို ရောက်တဲ့အခါမှာ ရွှေအိုး လေးလုံးရမှာ ဖြစ်တယ်။

ဒါပေမဲ့ သူသည် အခုလက်ရှိ ဘဝမှာ မကောင်းမှုတွေလုပ်တာ များတဲ့အတွက်ကြောင့် ရွှေအနည်းငယ်နဲ့သာ ကျေနပ်လိုက်ရခြင်း ဖြစ်တယ်။

အသင်ဟာ အရင်ဘဝက အကုသိုလ်တွေ အများကြီး လုပ်ခဲ့တဲ့အတွက် ဒီညောင်ပင်ကြီး အောက်ကို ရောက်တဲ့ အချိန်မှာ ညောင်ကိုင်းပိပြီး သေရမှာ ဖြစ်တယ်။

ဒါပေမဲ့ သင်သည် အခု လက်ရှိဘဝမှာ ကောင်းမှုကုသိုလ်တွေ အများကြီး လုပ်ခဲ့တဲ့အတွက်ကြောင့် အသက်မသေပဲ ပေါင်ကျိုးရုံလောက်ပဲ ကျိုးခဲ့ခြင်း ဖြစ်တယ် အသင်လူသား" ဆိုပြီး ရှင်းပြခဲ့ပါတယ်။

ဒါကြောင့် သူတော်ကောင်းတို့လည်း ငါ ကောင်းတာတွေ လုပ်နေရဲ့သားနဲ့ မကောင်းတာတွေပဲ ဖြစ်နေတယ်လို့ ကိုယ့်ကိုယ်ကို စိတ်ပျက် အားငယ်မနေပါနဲ့။

ရှေးဘဝက မကောင်းခဲ့တဲ့ အကုသိုလ်ကံတွေကြောင့် အခုလက်ရှိဘဝမှာ မကောင်းကျိုးတွေ ခံစားနေရတယ် လို့လည်း မမြင်ရတဲ့ အတိတ်ဘဝကို အပြစ်ပုံချ မနေပါနဲ့။ အခု လက်ရှိပစ္စုပ္ပန်မှာ ကောင်းတာလုပ်ရင် နောင်လာမယ့် အနာဂတ်မှာ ကောင်းကျိုးတွေ ခံစားရမယ် ဆိုတာ အသေအချာပါပဲ။

Post a Comment

0 Comments