တခါတုန်းက အဝတ်လျှော်သမား တယောက်မှာ မြည်းပုတကောင်နဲ့ ခွေးတကောင် ရှိတယ်။ မြည်းပုလေးရော ခွေးလေးရော သူတို့ရဲ့ သခင်ကို အများကြီး ကူညီပေး ကြတယ်။
တစ်ညမှာတော့ သူခိုးတချို့ဟာ အဝတ်လျှော်သမားရဲ့ အိမ်ကို ပစ္စည်းခိုးဖို့ ဝင်သတဲ့။ ခွေးလေးက သူခိုးတွေ အသံကြားပြီး ဟောင်တော့တာပေါ့။ အဝတ်လျှော်သမားကြီးလည်း အိပ်ရာက ထလာပြီး အိမ်နီးချင်းတွေကို အော်ဟစ် အကူအညီ တောင်းတော့တယ်။
"ဟ ဘာလဲ ခွေးရှိတယ်ကွ၊ မြန်မြန်ပြေး" ဆိုပြီး သူခိုးတွေက ပြေးပါတော့တယ်။ အဲဒီအချိန်မှာပဲ ရွာသားတွေ ရောက်လာကြတယ်။ သူခိုးတွေက ပြေးဖို့ ကြိုးစားပေးမဲ့ ရွာသားတွေ လက်ထဲ မိသွားတော့တယ်။
အဝတ်လျှော်သမားကြီးက "ငါ့အိမ်မှာ ဒီလိုခွေးတကောင် ရှိတာ သိပ်ဝမ်းသာတယ်။ ငါ့ခွေးသာ မဟောင်ရင် သူခိုးတွေ ဝင်ခိုးသွားမှာ ကျိန်းသေတယ်" လို့ ဂုဏ်ယူပြီး ပြောလိုက်တယ်။ လူတိုင်းကလည်း ခွေးကို ချီးကျူးကြတယ်။
အဲဒီနေ့က စပြီး မြည်းပုလေး တွေးလိုက်တာက "ခွေးက ငါ့ထက် ပိုအသုံးဝင်တယ် လို့ သခင်က ထင်နေတာပဲ" ဆိုပြီး သူလည်း ခွေးလိုပဲ အသုံးဝင်တဲ့ တိရစ္ဆာန်တကောင် ဖြစ်တယ်ဆိုတာ သခင့်ကို ပြမှ ဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ရက်အနည်းငယ် ကြာပြီးတဲ့နောက် တညမှာ နောက်ထပ် သူခိုးနှစ်ယောက်က အဝတ်လျှော်သမားကြီးရဲ့ အိမ်ကို လာပြန်တယ်။ သူခိုးတွေက အိမ်မှာရှိတဲ့ တိရစ္ဆာန်တွေကို သတိထား ကြတယ်။
"ငါဒီအိမ်မှာ အိမ်စောင့်ခွေး တကောင် ရှိတယ်လို့ ကြားတယ်။ သတိထားဦး" လို့ သူခိုးက သူ့သူငယ်ချင်းကို သတိပေး လိုက်တယ်။
သူခိုးတွေ ချောင်းကြည့်လိုက်တဲ့အခါ ခွေးတကောင်က အိမ်ပေါက်ဝမှာ ထိုင်နေတာကို တွေ့လိုက်တယ်။ သူခိုးတွေလည်း ခွေးဟောင်မှာကို ကြောက်တာပေါ့။
"ဒီအိမ်ကို မခိုးတော့ရင် ကောင်းမယ် ခုသွားတာပဲ ကောင်းလိမ့်မယ်" လို့ ပြောပြီး သူခိုးနှစ်ယောက်လုံး ထွက်ပြေးသွား တော့တယ်။
ဒါပေမဲ့ သူခိုးတွေ မသိလိုက်တာက မြည်းပုလေးဟာ ဒါတွေ အားလုံးကို မြင်လိုက်တယ်ဆိုတာပဲ။
"ဒီအချိန်က ငါဟာ အသုံးဝင်တယ် ဆိုတာ ပြဖို့ အခွင့်အရေးပဲ။ သူခိုးတွေ ကတော့ ပြေးပြီ ငါ ဟီလိုက်ရင်တော့ သူခိုးတွေကို ငါက အိမ်ပြင် မောင်းထုတ်လိုက်တယ် လို့ သခင်က ထင်မှာပဲ" လို့ သူ တွေးလိုက်တယ်။ ပြီးတော့ မြည်းပုလေးက အကျယ်ကြီး ဟီလိုက်တယ်။
အဝတ်လျှော်သမားကြီးက ညနက် သန်းခေါင်ကြီး မြည်းက ထဟီတာလည်း ကြားရော စိတ်ဆိုးတာပေါ့။ သူဟာ တုတ်ချောင်းတချောင်းနဲ့ ထွက်လာပြီး မြည်းကို ရိုက်ပါတော့တယ်။ "ဒီလို အရိုက်ခံမှ နောက်တခါ ညဘက် မဟီရမှန်း သိမှာ" လို့ ကြိမ်းမောင်းတော့တယ်။
မြည်းက ရိုက်တာကို ငြိမ်ခံနေရပြီးတော့ ဘာတွေ ဖြစ်ပျက်နေ သလဲတောင် မသိပါဘူး။ အဲဒီနောက် ခွေးက မြည်းပုလေးဆီ လာပြီး
"ငါ့လို ဖြစ်အောင် လိုက်လုပ်နေမှာထက် မင်းအလုပ်ကိုပဲ ကောင်းကောင်း လုပ်သင့်တယ်" လို့ ပြောပြလိုက်တယ်။ မြည်းပုလေးက ခွေးလေး မှန်တယ် ဆိုတာ သိသွားပြီး အသိတရား ရသွားတာပေါ့။
ဒီအကြောင်းအရာလေးက ပေးချင်တဲ့ အသိကတော့ ကိစ္စတိုင်းမှာ သူတပါးကို လိုက်အတုခိုး နေမဲ့အစား ကိုယ့်နည်းကိုယ့်ဟန်နဲ့ အောင်မြင် အသိအမှတ်ပြု ခံရအောင် ကြိုးစားသင့်တယ် ဆိုတာပဲ ဖြစ်ပါတယ်။ Crd
0 Comments