မှန်ပြူတင်းပေါက်၊ ကြည့်မှန်နဲ့ ဖန်ခွက်တွေကို အရင်လိုပြန်လည်တောက်ပလာစေဖို့ နည်းလမ်းများ

မှန်ပြူတင်းပေါက်တွေမှာ ဖုန်နဲ့ ရေတွေ ကပ်ပါများလာတဲ့အခါမှာ အရင်လို မကြည်လင်တော့ပါဘူး။ ဖန်ခွက်တွေမှာလည်း အစွန်းတွေ ကပ်ငြိနေတဲ့အခါ အရင်လို မတောက်ပတော့ပါဘူး။

ပွတ်တိုက်ပြီးသန့်ရှင်းရေးလုပ်ပေးမယ့်လည်း မှန်က မကြည်လာတော့တဲ့အခါ အောက်ပါနည်းလမ်းတွေကို အသုံးပြုနိုင်ပါတယ်။

နည်းလမ်း ၁

အရင်ဆုံး ဖန်ခွက်တွေကို ဆပ်ပြာရည်၊ ရေနွေးတို့ကို အသုံးပြုပြီး ဆေးကြောပါ။ ဇလုံတစ်လုံးထဲမှာ ရေနဲ့ရှာလကာရည်ကို ရောထည့်ထားပြီး ဖန်ခွက်တွေ ထည့်စိမ်လိုက်ပါ။

ခဏကြာပြီးနောက်ဖန်ခွက်တွေကို ပြန်ထုတ်ပြီး ခြောက်အောင်သုတ်ပေးလိုက်လို့ရပါပြီ။ အဲဒီအခါ ဖန်ခွက်တွေမှာ ချွတ်ရခက်နေတဲ့အစွန်းတွေ ပြောင်စင်သွားပါတယ်။

နည်းလမ်း ၂

ဖျန်းဘူးထဲမှာ ဆပ်ပြာရည်အနည်းငယ်ထည့်ပြီး ဖန်ခွက်ကို ဖျန်းလိုက်ပါ။ သတင်းစာစက္ကူနဲ့ ဖန်ခွက်ကို ပွတ်တိုက်ပေးပါ။ အချိန်အနည်းငယ်အတွင်း ဖန်ခွက်က တဖြည်းဖြည်းနဲ့ ကြည်လင်လာပြီးတောက်ပလာပါတယ်။

နည်းလမ်း ၃

ပန်းကန်လုံးတစ်လုံးထဲမှာ သွားတိုက်ဆေး လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာခန့်ထည့်ပါ။ ဆပ်ပြာမှုန့်အနည်းငယ်ကိုလည်း ထပ်ထည့်ပါ။ ပါဝင်ပစ္စည်းနှစ်မျိုးကို ပျစ်လာတဲ့အထိ အဆက်မပြတ်မွှေပေးပါ။

ရလာတဲ့အနှစ်ကို ဖန်ခွက်မှာ ပွတ်တိုက်ဆေးကြောပေးရုံနဲ့ ဖန်ခွက်က ဝယ်တုန်းကအတိုင်း ပြန်လည်တောက်ပလာပါတယ်။

နည်းလမ်း ၄

မကြည်တော့တဲ့မှန်ကို သန့်ရှင်းရေးလုပ်ဖို့အတွက် ဖျန်းဘူးထဲကို ရေနွေးအနည်းငယ် ထည့်လိုက်ပါ။ ရေနွေးနဲ့ မှန်ကို ဖျန်းလိုက်ပါ။ အဲဒီနောက် မှန်တောက်ပြောင်လာတဲ့အထိ အဝတ်စနဲ့ပွတ်တိုက်ပေးပါ။

နည်းလမ်း ၅

ရေနွေးအိုးနဲ့ ရေနွေးခွက်တွေမှာ ထုံးချိုးတွေ တက်နေရင် ဒီနည်းလမ်းက အထိရောက်ဆုံးပါ။ ရေနွေးအိုးထဲကို သံပုရာကွင်းလေးတွေနဲ့ ရေထည့်ပြီး ဆူပွက်လာတဲ့အထိ တည်လိုက်ပါ။

ပြီးနောက်မှာတော့ ရေတွေကို သွန်လိုက်ပြီး ဆပ်ပြာမှုန့်နဲ့ ဆေးကြောပါ။ ရေနွေးအိုးထဲမှာ ဖယ်ရှားရခက်တဲ့ ထုံးချိုးတွေ မရှိတော့ပါဘူး။

နည်းလမ်း ၆

လိမ္မော်သီးခွံကို ဘူးတစ်လုံးထဲမှာ ထည့်ပါ။ အဲဒီထဲကို ရှာလကာရည် ထပ်ထည့်ပါ။ အဖုံးကို သေချာစွာပိတ်ပြီး ၂ပတ်ကြာထားပေးပါ။ ၂ ပတ်ကြာထားပြီးနောက်ရလာတဲ့အရည်ကို ဖျန်းဘူးထဲ ထည့်ပြီး မှန်၊ မှန်ပြူတင်းပေါက်၊ ဖန်ခွက်တို့ကို ဖျန်းပေးလို့ရပါတယ်။

နည်းလမ်း ၇

ဖန်ခွက်မှာ အစွန်းနဲ့ခြစ်ရာတွေရှိနေရင်တော့ ဒီနည်းက အထိရောက်ဆုံးပါ။ အရက်ပြန်တစ်ခွက်နဲ့ ရေတစ်ခွက်ကို ရောပြီး ဖန်ခွက်မှာ ပွတ်တိုက်ပေးပါ။ ပြီးနောက် ပိတ်စလေးနဲ့ သုတ်ပေးရင် ဖန်ခွက်က အစင်းရာတွေ မရှိဘဲ ပြန်လည်တောက်ပလာပါတယ်။

နည်းလမ်း ၈

ဒီနည်းကတော့ အလွယ်ကူဆုံးပါပဲ။ အာလူးအစိမ်းတစ်လုံးကို လှီးပြီး ဖန်ခွက်မှာ ပွတ်တိုက်ပေးပါ။ အာလူးနေရာမှာ ကြက်သွန်နီကိုလည်း အသုံးပြုနိုင်ပါတယ်။ အာလူးနဲ့ ပွတ်တိုက်ပြီးရင် ပိတ်စလေးနဲ့ ပြန်လည်သန့်ရှင်းရေးလုပ်လိုက်ရုံပါပဲ။

ဖန်ခွက်တွေကို အမြဲတောက်ပြောင်နေဖို့ နည်းလမ်းများ

- ဖန်ခွက်တွေကို သန့်ရှင်းရေးလုပ်ပြီးထားတဲ့ ခြောက်သွေ့တဲ့ပိတ်စနဲ့ပွတ်တိုက်ပေးပါ။

- ခွက်တွေကိုထပ်ထားတာကြာလို့ ဖန်ခွက်တစ်လုံးနဲ့တစ်လုံးခွာလို့မရရင် ဆီအနည်းငယ်ထည့်ပြီး ခွာရင် အလွယ်တကူအဆင်ပြေသွားပါပြီ။

Zombie (lovemedia)

Post a Comment

0 Comments