တခါက ကောင်လေးတယောက်ဟာ မူလတန်းကျောင်း တကျောင်းမှာ ပညာသင်နေ ပါတယ်။ မူလတန်းကျောင်းက ပထမအကြိမ် မိဘဆရာအသင်း အစည်းအဝေးပွဲကို တက်ရောက်ဖို့ ကောင်လေးရဲ့ မိခင်ဖြစ်သူကို ဖိတ်ကြားခဲ့ပါတယ်။
တက်ဖြစ်အောင် တက်မယ်လို့ မိခင်က ပြောလိုက်တဲ့ အခါ ကောင်ကလေး တုန်လှုပ် သွားပါတယ်။ အဲဒီပွဲမှာ သူငယ်ချင်းတွေနဲ့ ဆရာတွေဟာ သူ့မိခင်ကို တွေ့မြင်ကြပြီး သူ့မိခင်ရဲ့ ပုံပန်းသွင်ပြင်ကြောင့် သူအရှက် ရနိုင်ပါတယ်။
သူ့အမေဟာ လှပတဲ့ အမျိုးသမီးတဦး ဖြစ်ပေမဲ့ ညာဘက်ပါးပြင်မှာတော့ ကြီးမားတဲ့ အမာရွတ် တခု ရှိနေခဲ့ပါတယ်။ လူငယ်လေးဟာ သူ့အမေ အမာရွတ် ဘာကြောင့် ရခဲ့သလဲ ဆိုတာ မမေးချင်သလို ပြောလည်း မပြောချင်ပါဘူး။
သူ့အမေမှာ အမာရွတ် ရှိနေခဲ့ပေမယ့် အစည်းအဝေးပွဲ မှာတော့ လူတိုင်းဟာ သူမရဲ့ သဘာဝ အလှနဲ့ ကြင်နာမှုတွေကြောင့် လေးစား အထင်ကြီးခဲ့ ကြပါတယ်။
ဒါပေမယ့် ကောင်လေးကတော့ ရှက်ရွံ့အားငယ် နေပြီး လူတိုင်းနဲ့ ဝေးရာမှာ ပုန်းကွယ်နေ ခဲ့ပါတယ်။ သူ့အမေနဲ့ ဆရာဖြစ်သူတို့ စကား ပြောနေတာကို ကြားနိုင်တဲ့ နေရာကို သူရောက်လာမိ ပြီးနောက် သူတို့ ပြောနေသမျှ ကြားခဲ့ရ ပါတယ်။
"ခင်ဗျား မျက်နှာမှာ ဘယ်လို ဖြစ်ပြီး အမာရွတ် ထင်ခဲ့ ရတာလဲ" လို့ ဆရာ ဖြစ်သူက မေးမြန်း စုံစမ်းပါတယ်။ သူ့အမေက အခုလို ပြန်ပြောပြပါတယ်။
"ကျွန်မသား ကလေးဘဝတုန်းက မီးလောင်နေတဲ့ အခန်းထဲမှာ ပိတ်မိနေခဲ့တယ်။ မီးဟာ ထိန်းချုပ်လို့ မရလောက်အောင်လောင်ကျွမ်းနေတဲ့အတွက် အခန်းထဲ ဘယ်သူမှ မဝင်ရဲ ခဲ့ပါဘူး။
ကျွန်မသားရဲ့ ပုခက်ဆီ ပြေးနေတဲ့ အချိန်မှာ မီးစတခု ပြုတ်ကျလာတာကို တွေ့တော့ သားကို ကာကွယ်ဖို့ ကျွန်မ ကိုယ်ကို သူ့အပေါ် မိုးပေးခဲ့ရတယ်။
မီးစ ထိမှန်တဲ့အခါ ကျွန်မ သတိလစ် မေ့သွားခဲ့ရတယ်။ ကံကောင်း ချင်တော့ မီးသတ်သမားတဦး ရောက်လာပြီး ကျွန်မတို့နှစ်ဦးကို ကယ်ခဲ့ပါတယ်"
သူ့အမေဟာ မီးလောင် ဒဏ်ရာကြောင့် အမာရွတ် ထင်နေတဲ့ ပါးပြင်ကို ကိုင်လိုက်ပါတယ်။ "ဒီအမာရွတ်ကတော့ အမြဲတမ်း ရှိနေမှာပါ။ ဒါပေမယ့် ဒီနေ့ အထိ ကျွန်မ လုပ်ခဲ့မိတာနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ နောင်တ မရမိခဲ့ ပါဘူးရှင်"
ဒီစကားကို ကြားရတဲ့အခါ ကောင်ကလေးဟာ ပုန်းကွယ်ရာကနေ ထွက်လာပြီး သူ့အမေဆီ မျက်ရည်စက်လက်နဲ့ ပြေးသွားခဲ့ပါတယ်။ သူ့အမေ သူ့အပေါ် အနစ်နာ ခံခဲ့တာကို တွေးရင်း စိတ်မကောင်း ဖြစ်ကာ မိခင်ဖြစ်သူကို သိုင်းဖက်လိုက်ပါတယ်။
အဲဒီနေ့ တနေ့လုံး သူဟာ သူ့အမေရဲ့ လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ရင်း ဂုဏ်ယူဝင့်ကြွား နေခဲ့မိတော့တယ်။ Crd
0 Comments