တခါတုန်းက ငချော်လဲနှင့် ငရောယောင် အမည်တွင်သော လူနှစ်ယောက် ရှိလေသည်။ သူတို့သည် မည်သည့်ပညာမျှ မတတ်မြောက်ချေ။ သို့သော်လည်း ချော်လဲရာတွင် ရောနှော ထိုင်တတ်သောကြောင့် လူအထင်ကြီး ခံရသည်။
အများနှင့် ရောယောင် လုပ်တတ်သောကြောင့် ပညာရှိကြီးတွေဟု အထင်ခံရသည်။ စင်စစ်အား ဖြင့် သူတို့တွင် အတတ်ပညာဟူ၍ ထုပ်ထုပ်ထည်ထည် မရှိပေ။ သို့ရာတွင် သူတို့အား တယောက်စကား တယောက်နားဖြင့် ကြားသော ပြည့်ရှင်မင်းကလည်း ခေါ်ယူမြှောက်စားထားလေ၏။
တနေ့တွင် တိုင်းတပါးမှ ကျူးကျော်သူများ ရောက်လာကြသည်။ ငချော်လဲနှင့် ငရောယောင်တို့ရှိသော တိုင်းပြည်ကို ဝန်းရံကြသည်။ စစ်ဖက်မည်လော၊ ထီးနန်းကို အပ်မည်လောဟု ရာဇသံပေး၏။
ပြည့်ရှင်မင်းတွင် ထင်ရှားသော စစ်သူကြီးတွေ၊ သူရဲကောင်းတွေ ရှိ၏။ ရှိသော်လည်း ထုတ်မသုံးပေ။ ငချော်လဲ အစွမ်းအစကို စမ်းသပ်လိုသဖြင့် ဤသို့ မိန့်တော်မူ၏။
"ငချော်လဲ ဦးလျက် ရန်သူအား ချေမှုန်းစေ" ငချော်လဲမှာ ဓားခုတ်လှံထိုး ဆင်စီးမြင်းစီး တခုမျှ မတတ်ချေ။ ရွှေနန်းတော်မှ ပြန်ရောက်ကတည်းက မျောက်မှိုင်မှိုင်နေသည်။ သက်ပြင်း အကြိမ်ကြိမ် ချနေသည်။
"သူငယ်ချင်း ချော်လဲရာ ရောထိုင်ခဲ့တဲ့ အကြိမ်ပေါင်း များခဲ့ပြီပဲ နောင်ခါလာ နောင်ခါဈေးပေါ့" ဟု အတူနေ ငရောယောင်က နှစ်သိမ့်သော်လည်း ငချော်လဲမှာ ရင်မအေးနိုင်ရှာချေ။
"အခုဥစ္စာ ချော်လဲ ရောထိုင်လို့ မရဘူးကွ။ ဒိုင်းမကိုင်တတ် ကာမကိုင်တတ်နဲ့ ဒီတခါတော့ သေပါပြီကွာ"
မည်သို့ ရှိစေကာမူ ငချော်လဲ၏ အိမ်သို့ ချပ်တန်ဆာ ဓားလှံလေးမြားနှင့် မြင်းကြီးတကောင် ရောက်လာပေပြီ။ ရွှေမြို့တော်တခုလုံးသည် စစ်တံပိုးသံများ ညံနေပြီ။ "ကဲ ကဲ မှိုင်နေလို့လည်း အပိုပဲ သူငယ်ချင်း၊ အသင့်ပြင်ထားပေတော့"
ငရောယောင်က ငချော်လဲကို ချပ်ဝတ်တန်ဆာများ ဆင်ယင်ပေးသည်။ ထို့နောက် မြင်းပေါ်သို့ တင်ပေးသည်။ မြင်းမစီးတတ်သောကြောင့် လိမ်မကျစေရန် ငချော်လဲကို မြင်းကိုယ်နှင့် တွဲလျက် ကြိုးဖြင့် ချည်ပေးရသည်။ ငချော်လဲ မရှောင်သာပါ။
မြင်းပေါ်မှ လိမ့်မကျစေရန် သတိထားရင်း မြို့တံခါးသို့ လာခဲ့ရသည်။ မြို့တံခါး ဖွင့်လိုက်ပြီ။ ရာပေါင်းများစွာသော မြင်းတွေ တဟုန်ထိုး ပြေးထွက်ကြသည်။ မြင်းတပ်နောက်မှ ခြေသည်သူရဲတွေ အခြားမြင်းများနှင့် ရောနှောလျက် ပါလာသည်။
မြင်းစီးသူရဲချင်း တိုက်ခိုက်ကြ၏။ ခြေသည်သူရဲချင်း တိုက်ခိုက်ကြ၏။ မြင်းစီးသူရဲသည် ခြေသည်သူရဲကိုလည်း မရှောင်ပေ။ ခြေသည်သူရဲကလည်း မြင်းစီးသူရဲကို အလွတ်မပေးချေ။ အခြားလူတွေ အသေအကျေ တိုက်ခိုက်နေသော်လည်း ငချော်လဲ မတိုက်နိုင်။ မြင်းပေါ်မှ လိမ့်ကျသွား၏။
သို့ရာတွင် ကြိုးဖြင့် ချည်းထားသဖြင့် မြေပေါ်သို့ မရောက်။ မြင်း၏ ဝမ်းဗိုက်အောက်သို့ ရောက်သွားရာ ကုတ်ကတ်ပြီး ကျော်ပေါ်ရောက်အောင် ပြန်တတ်ပြန်သည်။
ထိုသို့ ငချော်လဲမှာ ချွေးတလုံးလုံးဖြင့် လိမ့်ကျလိုက် ပြန်တက်လိုက် ဖြစ်သည်ကို ရန်သူက တမျိုးထင်၏။ "ဒီမြင်းစီးသူရဲဟာ မြင်းရေး ကျွမ်းလှပါကလား၊ မြင်းအောက်ကို ရောက်သွားလိုက် ကျော်ပေါ် ပြန်ရောက်လိုက်နဲ့" ရန်သူတွေ ထွက်ပြေးသည်။
ငချော်လဲ ဘက်သား ရဲမက်များက အတင်းလိုက်လံ ထိုးခုတ်ကြသည်။ ငချော်လဲ၏ မြင်းလည်း ပြေးမိပြေးရာ စွတ်ရွတ် ပြေးတော့သည်။ ငချော်လဲသည် မြင်းပြေးနေစဉ် ကြိုးတွေကို ဖြေပစ်ပြီး မြင်းပေါ်မှ ခုန်ချနေခဲ့ကာ သစ်ပင်ကြီး တပင်ပေါ်သို့ တက်ရောက် ပုန်းအောင်းနေလေ၏။
တခဏအကြာတွင် ရန်သူ ဘုရင်နှင့် အမတ်တွေ ရောက်လာသည်။
"အရှင်မင်းကြီး ကြာရှည်နားနေရန် မသင့်ကြောင်းပါဘုရား"
"ကိုယ်တော်ရှင်မြတ်အား ရေကြည်တော် ဆက်စမ်းဟဲ့"
ဤအသံများကို ငချော်လဲ ကြားရသောအခါ ကြောက်လွန်းသဖြင့် တဆတ်ဆတ် တုန်နေသည်။ ခြေတွေလက်တွေ တုန်လွန်းသဖြင့် ငချော်လဲ မရပ်တည်နိုင်။ သစ်ပင်ပေါ်မှ လိမ့်ကျလေ၏။ သို့သော် အကျကောင်း ဖြစ်သည်။ ရန်သူဘုရင့်ကုတ်ပေါ် ခွစီးကျလျက် ဖြစ်သွားကာ ရန်သူဘုရင်၏ သန်လျက်ကိုလည်း ယောင်မှား ဆုပ်ထားမိသည်။
"အသက်ကို ချမ်းသာပေးပါ၊ မသတ်ပါနဲ့" ရန်သူဘုရင် အော်ဟစ်နေစဉ် ငချော်လဲ၏ ရဲမက်တော်များ ရောက်လာသောအခါ ရန်သူဘုရင်အား ဖမ်းဆီးသွားကြလေ၏။ ထိုအဖြစ်အပျက်ကြောင့် ငချော်လဲမှာ ဆုလာဘ်များစွာ ရသည်။ မြှောက်စားမှုလည်း ခံရသည်။
သို့သော် ငချော်လဲဝမ်း မသာပါ။ တနေ့နေ့တွင် အလိမ်ပေါ်ကာ အရှက်တကွဲ ဖြစ်ပြီး ရာဇဒဏ်သင့်မည်ကို တွေးတော်စိုးကြောက်နေ၏။ သို့ကြောင့် သူသည် သန်းခေါင်ယံအချိန်၌ အိမ်မှထွက်လာသည်။
ဥယျာဉ်ပျက် အတွင်းသို့ အရောက်တွင် ရေတွင်းထဲသို့ ခုန်ချလိုက်တော့သည်။ သို့သော် ရေတွင်းကလည်း ရေတွင်းပျက်ဖြစ်သည်။ မြက်တွေ၊ ချုံတွေ လွှမ်းနေသဖြင့် ငချော်လဲ ချုံပေါ်၌ တင်နေလေ၏။ ငချော်လဲမှာ ရေနစ်မသေဘဲ အသံများကို ကြားနေရ၏။
"ရှင်မရေ ကနေ့က စပြီး ၁၅ ရက် ကြာရင် မိုးကြီးခေါင်တော့မယ် သတိထား"
"အိုရှင် စိုးရိမ်စရာ မရှိပါဘူး။ ကျမရဲ့ အရေခွံကို ဗုံကြက်ပြီး တီးရင် မိုးကြီး တအားရွာမှာပါ"
ရေတွင်း အုတ်နံရံမှာ ဖားထီးနှင့် ဖားမတို့ ပြောနေကြခြင်းဖြစ်၏။
ငချော်လဲ နားထောင်နေစဉ် ဖားထီးက ဆက်ပြော၏။
"အေး မိုးကြီးမစဲဘဲ နေရင် ငါ့အရေခွံကို ဗုံကြက်ပြီးတီးမှ မိုးရပ်မှာ"
ငချော်လဲမှာ သေချင်ပါလျက် မသေရ။ ဖားထီးနှင့် ဖားမကို အသာဖမ်းယူပြီး အိမ်သို့ ပြန်လာခဲ့လေ၏။ မိုးကျချိန် ရောက်ပြီ။ မိုးမရွာ၊ မိုးသားတိမ်လိပ်သော်မျှ တက်မလာချေ။ ပြည့်ရှင်မင်းသည် ငချော်လဲအား ရှေ့တော်သို့ခေါ်သည်။
"ဟဲ့ မောင်မင်း၊ မိုးမရွာသောကြောင့် အဖျားအနား ထူပြောသည်။ ကောက်ပဲသီးနှံများ ဆွံ့အကုန်ပြီ။ မိုးရွာစေရန် အမြန်ဆုံး ဆောင်ရွက်စေ။ တရက်အတွင်း မိုးမရွာပါက နှောင်အိမ်သွင်း၍ အကျဉ်းကျခံစေ"
ငချော်လဲမှာ ထွက်ပြေးချိန် မရသောကြောင့် အိမ်သို့ အစောင့်အရှောက်များ ခြံရံကာ ပြန်လာရသည်။ ဖားမ သားရေဖြင့် စီမံထားသော ဗုံကို တီးရတော့၏။ မိုးသည် ဖားမ ဆိုခဲ့သည့်အတိုင်း အဆက်မပြတ် ရွာတော့သည်။
ရေတွင်းရေကန်နှင့် ချောင်းမြောင်းတွေ ပြည့်လျှံသော်လည်း မရပ်မနား၊ ရွှေမြို့တော်ထဲသို့ ရေတွေ ဝင်လာတော့သည်။ ထိုအခါလည်း ငချော်လဲကိုပင် ပြည့်ရှင်မင်းက ခေါ်ယူကာ အမိန့်ပေး ပြန်သည်။ "မောင်မင်း အရွဲ့တိုက်ပြီး မိုးရွာအောင် လုပ်သည်မဟုတ်လော။ တရက်အတွင်း မိုးရပ်အောင် မလုပ်နိုင်ပါက ရာဇဒဏ်သင့်စေ"
ငချော်လဲ အိမ်သို့ အလျင်အမြန် ပြန်လာသည်။ အသင့်ကြက်ထားသော ဗုံကို တီးသည်။ မိုးရပ်ကာ ချက်ချင်း နေရောင်ပေါ်လာတော့သည်။ ငချော်လဲမှာ မိုးရွာစေ တိတ်စေနိုင်သောကြောင့် ရှေးက ထက်တိုးပြီး ချီးမြှင့် မြှောက်စား ခံရပါသည်။ သို့ရာတွင် ငချော်လဲ မပျော်ရွှင်ပါ။ အလိမ်မပေါ်မီ မည်သို့မည်ပုံ ထွက်ပြေးရပါမည်နည်းဟု စိတ်ဆင်းရဲစွာဖြင့် ကြံစည်နေဆဲ ရှိပေ၏။
ဒီပုံပြင်ကို ဖတ်မိသူများခင်ဗျာ။ ငချော်လဲ အဖြစ်ကို သင်္ခန်းစာယူပြီ လိမ်ညာခြင်းများ ကင်းဝေးနိုင်ပါစေ။ သူတပါးကို လိမ်ညာပြီး အောင်မြင်ကျော်ကြားပေမယ့် ဘယ်တော့အခါမှ စိတ်ချမ်းသာမှု မရရှိနိုင်ဘူးဆိုတာ သတိပြုနိုင်ဖို့ ဒီပုံပြင်လေးဖြင့် တင်ဆက်လိုက်ပါတယ်။ Argyi
0 Comments