ပြောမယ့်စကား သတိထား

တခါတုန်းက အဖိုးအို တယောက်ဟာ သူ့အိမ်နီးချင်းကို သူခိုးတယောက် ဖြစ်တယ်လို့ ပြောဆိုကာ ကာလာဟာလတွေ ပြန့်စေခဲ့ပါတယ်။ အဲဒါကြောင့် သူခိုးအဖြစ် သံသယ အဖြစ်ခံရတဲ့ အိမ်နီးချင်းဟာ အဖမ်းခံ ရပါတယ်။

ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ သူခိုးအဖြစ် အစွပ်စွဲခံရတဲ့ အိမ်နီးချင်းက အပြစ် မရှိကြောင်း သက်သေပြ နိုင်ခဲ့ပြီး ပြန်လွတ်မြောက် လာခဲ့ပါတယ်။ သူခိုးအဖြစ် စွပ်စွဲခံရတဲ့ အိမ်နီးချင်းက သူအရှက်ရခဲ့တဲ့ အတွက် အဖိုးအိုကို တရားစွဲ လိုက်ပါတယ်။

တရားရုံးမှာ အဖိုးအိုက "ဒီတိုင်း အထင်လေး ပေးလိုက်တာက အခြားသူ တယောက်ယောက်ကို ဘာများထိခိုက်စေလို့လဲ" လို့ ပြောပါတယ်။ တရားသူကြီးက အဖိုးအိုကို ပြောလိုက်ပါတယ်။

"ဟုတ်ပြီ အဲဒါဆိုရင် သင်စွပ်စွဲခဲ့တဲ့ အိမ်နီးချင်းကို ပြောချင်သမျှ စကားတွေကို စာရွက်ပေါ်မှာ ချရေးလိုက်ပါ။ အိမ်ကို ပြန်တဲ့လမ်းမှာ အဲဒီစာရွက်တွေကို ကတ်ကြေးနဲ့ ညှပ်ပစ်လိုက်ပါ။ မနက်ဖြန်ကို အဖြေ ကြားနာဖို့ တရားရုံးကို ပြန်လာခဲ့ပါ" လို့ အမိန့် ချလိုက်ပါတယ်။

နောက်တနေ့မှာ တရားသူကြီးက အဖိုးအိုကို မေးပါတယ်။ "ကဲ .အဖြေကို မကြားနာခင် မနေ့က သင်ကတ်ကြေးနဲ့ ညှပ်ထားတဲ့ စာရွက်တွေကို အကုန်လုံး တစုတစည်းထဲ ရအောင် လိုက်ကောက်လာခဲ့"

အဖိုးအိုက ပြောလိုက်ပါတယ်။ "ဘယ်လိုလုပ် ရပါ့မလဲ၊ လေတိုက်တိုင်း စာရွက် အပိုင်းအစတွေက အကုန် လွင့်ကုန်တာ၊ ဘယ်နေရာမှာ လိုက်ရှာရမှန်းတောင် သိမှာမဟုတ်ဘူး"

ထိုအခါ တရားသူကြီးက "ဟုတ်တယ် အဲဒီအတိုင်းပဲ။ လူတယောက်ရဲ့ ရိုးသားမှုကိုလည်း သင့်ရဲ့ ဘာမှမတွေးဘဲ သမရိုးကျ ပြောလိုက်တဲ့ စကားတွေက ဖျက်ဆီးပစ် လိုက်နိုင်တယ်။

လေထဲ လွှင့်သွားတဲ့ စက္ကူစတွေ လိုပဲ၊ အကောင်အထည် မပြနိုင်ပေမယ့် သူ့ရဲ့ ကိုယ့်ကျင့်သိက္ခာကို ပြန်ပြီး ဆောက်တည်လို့ မရနိုင်ဘူး။

သူ့ဘဝမှာ သူ မလုပ်ဘဲနဲ့ အမည်းစက်ကြီး တခုလို လူတွေက မြင်ကြတော့မယ်၊ ဘယ်တော့မှ အကောင်းအတိုင်း ပြန်မဖြစ်နိုင်တော့ဘူး" လို့ ပြောလိုက်ပါတယ်။ အဲဒီအခါကျမှ အဖိုးအိုက သူမှားသွားကြောင်း၊ တောင်းပန်ခဲ့ ပါတော့တယ်။

ကျွန်တော်တို့ရဲ့ လက်တွေ့ဘဝ မှာလည်း ထိုနည်းလည်းကောင်း ပါပဲ။ ကိုယ်တကယ် မသိတဲ့ အခြားသူ့ရဲ့ ကိစ္စတွေကို မစွပ်စွဲပါနဲ့၊ ကိုယ်ကတော့ ဘာရယ်မဟုတ် ထင်တာလေးကို ပြောလိုက်ပေမယ့် အခြားသူတယောက်မှာတော့ ဘဝတခုလုံးနဲ့ ဆိုင်တဲ့ ကိစ္စမျိုး ဖြစ်သွားနိုင်တယ် လို့ သင်ခန်းစာပေးထားတာ ဖြစ်ပါတယ်။ BAWA

Post a Comment

0 Comments