တခါတုန်းက စီးပွားရေးလုပ်ငန်းရှင် တယောက်ဟာ လမ်းဘေးမှာ ခဲတံလေးတွေ ရောင်းပြီး ငွေတောင်းနေတဲ့ လူတယောက်ရဲ့ ခွက်ထဲကို တဒေါ်လာ ထည့်လိုက်ပါတယ်။ ပြီးတော့ ရထားပေါ်ကို ပြေးတက် သွားပါတယ်။
နောက်မှ သတိရပြီး ရထားပေါ်က ပြန်ဆင်းလာကာ စောစောက သူငွေထည့် ပေးခဲ့တဲ့သူဆီ ပြန်သွားပြီး ခွက်ထဲက ခဲတံတချောင်းကို နှိုက်ယူလိုက်ပါတယ်။ ပြီးတော့ သူက အလောတကြီး ဖြစ်နေလို့ ငွေထည့်ပြီး ခဲတံ ယူဖို့ မေ့သွားတယ် လို့ ပြုံးပြပြီးပြောပါတယ်။
နောက်ပြီး သူက ငွေတောင်းနေသူကို ပြောတယ်။ "ခင်ဗျားလည်း ကျွန်တော့်လို စီးပွားရေးလုပ်ငန်းရှင် တယောက်ပဲလေ။ ခင်ဗျားမှာ ရောင်းစရာတွေ ရှိနေပြီး ဒါတွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်း သတ်မှတ်ထားတာပဲ မဟုတ်လား။ ကြိုးစားပါ" လို့ ပြောပြီး ရထားပေါ် တက်သွားခဲ့ပါတယ်။
နောင် နှစ်ပေါင်းများစွာ ကြာတဲ့အခါ လူမှုရေးပွဲလမ်းသဘင် တခုမှာ သားသားနားနား ဝတ်စားထားတဲ့ သူတယောက်က စီးပွားရေး လုပ်ငန်းရှင်ကြီးထံ လာပြီး သူ့ကိုယ်သူ မိတ်ဆက်ပါတယ်။
"ခင်ဗျားကတော့ ကျွန်တော့်ကို မှတ်မိမှာ မဟုတ်ပေမယ့် ခင်ဗျားကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။
ခင်ဗျားနဲ့ မတွေ့မီ အချိန်အထိတော့ ကျွန်တော်ဟာ ခဲတံ လေးတွေရောင်းတဲ့ သူတောင်းစား တယောက်ပါပဲ။ ဒါပေမယ့် ခင်ဗျားက ကျွန်တော့်ကို စီးပွားရေး လုပ်ငန်းရှင်ပဲလို့ ပြောသွားခဲ့တဲ့ အချိန်က စပြီး၊ ကျွန်တော်ဟာ စီးပွားရေး လုပ်ငန်းရှင် ဖြစ်သွားတယ်" လို့ ပြောခဲ့ပါတယ်။
သူဟာ သူ့ကိုယ်သူ သူတောင်းစားပဲလို့ တွေးတောထားတဲ့ အမြင်ကနေ ရုတ်တရက် စကားတခွန်းကြောင့် သူ့အတွေးတွေ ပြောင်းသွားတယ်။
သူ့ကိုယ်သူ အဲ့ဒီအချိန်က စပြီး "သူဟာ စီးပွားရေး လုပ်ငန်းရှင် တယောက်ပဲ" လို့ တွေးတော ခဲ့တယ်။ စီးပွားရေး လုပ်ငန်းရှင် တယောက်လို စတင် ကျင့်သုံး ပြုမူခဲ့တယ်။
သူအတွေးတွေဟာ သူ့ဘဝရဲ့ ပဲ့တင်သံတွေ ပါပဲ။ မိမိအတွေး ပုံရိပ်ထဲမှာ "ငါဟာ သူတောင်းစားပဲ" လို့ တွေးပါ များရင် "ငါဟာ သူတောင်းစားပဲ" ဆိုတဲ့ အသံသာ အထပ်ထပ် ပြန်ကြားနေ ရမှာပါ။
"ငါဟာ လုပ်ငန်းရှင်ပဲ" လို့ တွေးလိုက်တာနဲ့ "ငါဟာ လုပ်ငန်းရှင်ပဲ" ဆိုတဲ့ အတွေးက ပဲ့တင်သံ ပြန်လာမှာ အသေအချာပါပဲ။
နောက်ပြီး ဒီပုံပြင်လေးထဲက စီးပွားရေး လုပ်ငန်းရှင်ကြီးလို မိတ်ဆွေလည်း သူတပါးကို အကောင်းမြင်ပြီး စိတ်ခွန်အား ဖြစ်စေမယ့် စကားလုံးတွေနဲ့ ကူညီနိုင် ပါတယ်။
လူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ပါရမီတွေ၊ အစွမ်းအစတွေ ရှိနေကြ ပါတယ်။ ဒါတွေကိုမိတ်ဆွေက နှိုးဆွပေးလိုက်ရုံနဲ့ သူ့ကိုယ်ထဲက အစွမ်းအစတွေဟာ အငြိမ်မနေနိုင်ပဲ စွမ်းအားတွေ အဖြစ်ထွက်ပေါ်ကာ သူ့ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်ပါသေးတယ်။
ဒီလိုနည်းနဲ့ မိတ်ဆွေက လူတွေရဲ့ ဘဝတွေကို တိုးတက် အောင်မြင်သွားအောင် စေတနာစိတ်ဓာတ် အပြည့်နဲ့ ကူညီပေးမယ်ဆိုရင် မိတ်ဆွေကူညီမှုရဲ့ ပဲ့တင်သံတွေဟာ မိတ်ဆွေထံ ပြန်လာမှာ မလွဲမသွေ ပါပဲ။
တခြားသူတွေရဲ့ ဘဝကို မြှင့်တင်ပေးခြင်းအားဖြင့် ကိုယ်ကိုယ်တိုင်လည်း သေချာပေါက် တိုးတက် အောင်မြင်လာမှာ ဖြစ်တယ် ဆိုတာ အာမခံပါတယ်။ ကိုယ်ပြုတဲ့ကံ၊ ပဲ့တင်သံ၊ ကိုယ်ထံ ပြန်လာမှာပဲ ဖြစ်ပါတယ်။ Crd
0 Comments