တည်ငြိမ်ရင့်ကျက်ဖို့သင့်ပြီ

အနေနီးလို့လည်း သိပ်မပျော်နဲ့၊ သံယောဇဉ် ဆိုတာ ဖြတ်ရခက်တယ်။ အနေဝေးလို့လည်း စိတ်မကောင်း မဖြစ်နဲ့၊ လူဆိုတာ သေကွဲမဟုတ် ရှင်ကွဲ ကွဲရမှာပဲ။

သိပ်အချစ်ခံရလို့လည်း သိပ်မပျော်ပါနဲ့၊ ရာဂတဏှာကြိုးက ရုန်းရ အခက်ဆုံးပဲ။ သိပ်အမုန်းခံရလို့လည်း ဝမ်းမနည်းနဲ့၊ အချစ်ခံရတာ များသူထက် ဒုက္ခနည်းတယ်။

ရုပ်ချောနေလို့လည်း မာန်မတတ်နဲ့၊ ရေမချိုးရင် နံကြတာ ချည်းပဲ။ ရုပ်ဆိုးနေလို့လည်း အားမငယ်နဲ့၊ အချင်းရှိရင် အဆင်းရှိသူထက် သာတယ်။

ရနေလို့လည်း သိပ်မပျော်ပါနဲ့၊ လောဘ ဆိုတာ အသောသတ်ရ ခက်တယ်။ ပေးနေရလို့လည်း ဝမ်းမနည်းပါနဲ့၊ သံသရာ အတွက် စုဆောင်းပြီးသား ဖြစ်တယ်။

လုပ်တိုင်း ဖြစ်နေလို့လည်း သိပ်ဝမ်းမသာနဲ့၊ ဘဝင်ဆိုတဲ့ အရူးလေးက တွယ်ကပ် တတ်တယ်။ လုပ်တိုင်း မဖြစ်လို့လည်း စိတ်မညစ်နဲ့၊ လုပ်တိုင်းဖြစ်နေရင် အရှုံးဆိုတဲ့ ဝေါဟာရ ဘယ်ရှိမလဲ။

အရေးလုပ်တာ ခံရတိုင်းလည်း ဝမ်းမသာနဲ့၊ အရေးမလုပ်တော့ရင် အနေရ ခက်မယ်။

ချမ်းသာနေလို့လည်း မာနမတတ်နဲ့၊ အဲ့ဒီမာနက တရားရဖို့ အကြီးမားဆုံး အတားအဆီးပဲ။ ဆင်းရဲနေလို့လည်း သိမ်ငယ်မနေနဲ့၊ ချမ်းသာသူဖြစ်ဖြစ် ဆင်းရဲသူ ဖြစ်ဖြစ် ၆ ပေ၂ပေ တူတူပဲ။

ချီးမွမ်းခံရလို့လည်း သိပ်မပျော်နဲ့၊ လူတကာ ကိုယ့်အကြောင်း အလုံးစုံ မသိဘူးကွယ်။ ကဲ့ရဲ့ ခံရလို့လည်း ဝမ်းမနည်းနဲ့၊ သူများနှာခေါင်းပေါက်နဲ့ အသက်ရှူနေတာမှ မဟုတ်ဘဲ။

အောင်မြင်နေလို့လည်း သိပ်ဝမ်းမသာနဲ့ ကိုယ့်အမှားတွေကို စောင့်ကြည့်နေတဲ့သူ ရှိတယ်။ မအောင်မြင် လို့လည်း ဝမ်းမနည်းနဲ့၊ မသေမချင်း ကြိုးစားဖို့ အချိန်တွေ ရှိသေးတယ်။

အလွယ်တကူနဲ့ ဝမ်းနည်း ဝမ်းသာမဖြစ်ပဲ အလယ်အလတ် လမ်းစဉ် လိုက်ပြီး တည်ငြိမ် ရင့်ကျက်တဲ့ စိတ်က ဘဝအတွက် အကောင်းဆုံးပါပဲ။

တည်ငြိမ်ရင့်ကျက်နေတဲ့ စိတ်ဟာ ပင်လယ်ထဲက ရေလိုပဲ။ လောကဓံ အချိုမှုန့် တဇွန်း ခတ်ရုံနဲ့ ပင်လယ်ရေဟာ ချိုမလာပါဘူး။ Crd

Post a Comment

0 Comments