တခါက တိုင်းပြည်တပြည်မှာ ဘုရင်ကြီးတပါး ရှိသတဲ့။ အဲဒီ ဘုရင်ကြီးမှာ အသိဉာဏ်ပညာနဲ့ ပြည့်စုံတဲ့ ပရောဟိတ်ကြီးတဦး ရှိသတဲ့။ သူဟာ ဗဟုသုတ ပြည့်စုံလွန်းတဲ့ အတွက် တိုင်းသူပြည်သား အားလုံးက ချစ်ခင်လေးစား ကြတာပေါ့။
သူတို့ရဲ့ တိုင်းပြည်မှာ ကိုးကွယ်ဆည်းကပ်နေတဲ့ ရဟန်းတပါးလည်း ရှိပါသတဲ့။ ဘုရင်ကြီးက သက်တော် ၆၀ ကျော်ပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ သားတော်လေးကို အိမ်ရှေ့အရာ ပေးထားပါတယ်။
ဘုရင်ကြီးရဲ့ ပရောဟိတ်ကြီးက ကျော်ကြားလွန်း အားကြီးတဲ့အတွက် ဘုရင်ကြီးရဲ့ ဂုဏ်သတင်းက တဖြည်းဖြည်း မှေးမှိန်လာပါတယ်။
အဲဒီအခါ ဘုရင်ကြီးက ပရောဟိတ်ကို အမျက်ဒေါသ ပွားပါတယ်။ အဲဒါနဲ့ ပရောဟိတ်ကြီး သေဆုံးအောင် အစာအဆိပ်ခတ် သတ်ဖို့ ကြံစည်ပါတယ်။
တနေ့တော့ ပရောဟိတ်ကြီးကို ခေါ်ပြီး မောင်မင်းစားဖို့ ဆိုပြီး မုန့်လုံးတွေ ပေးလိုက်တယ်။ အဲဒီ မုန့်လုံးတွေ မှာတော့ အဆိပ်တွေ ခတ်ထားတာပေါ့။
ပရောဟိတ်ကြီးကလည်း သူ့ဘုရင်က သူ့ကို ဒီလို စိတ်သဘော ထားနေမှန် မထင်တဲ့ အတွက် ဝမ်းမြောက်ဝမ်းသာနဲ့ လက်ခံ လိုက်တယ်။
အပြန်လမ်းတလျောက်မှာ သူက ဒီအစားအစာတွေကို သူတို့ကိုးကွယ်တဲ့ ရဟန်း ကြီးကို ဦးဦး ဖျားဖျား ဆပ်ကပ်လိုတဲ့ အတွက် ကျောင်းသင်္ခန်းကို လှမ်းလာပါတယ်။ ကျောင်းကို ရောက်တော့ ရဟန်းတော်ကို ဆပ်ကပ်တာပေါ့။
အဲဒီအချိန်မှာပဲ တောကစားရာက ပြန်လာတဲ့ ဘုရင်ကြီးရဲ့ သားတော်က ရဟန်းဆီမှာ ဗိုက်ဆာလွန်းတဲ့ အတွက် စားစရာ စွန့်ပေးပါရန် တောင်းပန် လျှောက်ထားပါတယ်။
ရဟန်းကလည်း အတော်ပဲပေါ့ ခုနလေးကတင် ပရောဟိတ်ကြီး လာကပ်ထားတဲ့ မုန့်တွေကို စွန့်လိုက်ပါသတဲ့။
သားတော်လည်း ဗိုက်ဆာဆာနဲ့ စားလိုက်ပါတယ်။ စားပြီး မကြာခင်မှာပဲ ပါးစပ်က အမြုပ်တွေ ထွက်လာပြီး သေဆုံးသွားပါတယ်။ ရဟန်းနဲ့ ပရောဟိတ်ကြီးလည်း အလွန် ထိတ်လန့်သွားပြီး နန်းတော်ကို သယ်ဆောင် သွားပါတယ်။
ဘုရင်ကြီးဆီလည်း ရောက်ရော ပရောဟိတ်ကြီးက အရှင်မင်းမြတ် စွန့်တော်မူတဲ့ မုန့်ကို ရဟန်းတော်အား ဆပ်ကပ်ကြောင်း၊ ထိုမှတဆင့် သားတော် ရောက်လာပြီး မုန့်စွန့်ရန် လျှောက်ထားတဲ့အတွက် ဘုရင်ကြီး ကျွေးသော မုန့်ကို သားတော်အား ကျွေးမိပါကြောင်း လျှောက်ထားသတဲ့။
ဒီအခါမှ ဘုရင်ကြီးလည်း "အလိုလေး ကိုယ်ပြုသောကံ ကိုယ့်ထံ ပြန်လာပါ၏ တကား" လို့ ပြောဆိုပြီး ရင်ကွဲနာ ကျကာ သေဆုံးသွား ပါတဲ့။ သူများမကြောင်းကြံ ကိုယ့်ဘေးဒါဏ် ဆိုတဲ့ အတိုင်းပါပဲ။
ကိုယ်ပြုလုပ်ခဲ့သမျှ ကောင်းခြင်း ဆိုးခြင်း တွေဟာ တချိန်မှာ ကိုယ့်ဆီကို တနေရာရာ ကနေ တနည်းနည်းနဲ့ ပြန်လာတတ်ပါတယ်။ သက်တန့်ချို
0 Comments