အိမ်နောက်ဖေးတွင် ဈေးဆိုင်တည်ပါ

ရှေးသရောအခါက ဖခင်တဦးသည် မိမိ၏ သားနှစ်ယောက်ကို ခေါ်ပြီးလျှင် အောက်ပါစကားကြီး ငါးခွန်းကို မှာကြား ဆုံးမလေ၏။

"ချစ်သားတို့၊ ဖခင်မရှိလျှင် တရွာတကျီ ဆောက်ပါ။ အိမ်နောက်ဖေးတွင် ဈေးဆိုင်တည်ပါ။ ခေါင်းတရာသားကို စားပါ။ တနေ့ ပုဆိုးသုံးခါ လဲပါ။ ဦးခေါင်းသုံးလုံး ရှိသူထံမှာ သင်ယူပါ"

သားနှစ်ယောက်သည် ဖခင်၏ စကားကို မှတ်သားထား ကြ၏။ ဖခင်ကွယ်လွန်သော် သားငယ်သည် တရွာလျှင် တကျီဆောက်၏။ အိမ်နောက်ဖေးတွင် ဈေးဆိုင်တည်၏။

ကြက်ဦးခေါင်း၊ ဆိတ်ဦးခေါင်းတို့ကို ခေါင်းတရာ ပြည့်အောင် ဝယ်ယူ၍ စားသောက်၏။ ထို့ကြောင့် သားငယ်၏ ငွေများ ကုန်သဖြင့် ဆင်းရဲသွားလေ၏။

သားကြီးကမူ ဖခင်၏ ဆုံးမစကားသည် ထူးဆန်းပေစွ။ ဦးခေါင်းသုံးလုံး ရှိသူကို မေးအံ့ဟု လိုက်ရှာလေ၏။ ဤသို့ ရှာနေစဉ် ရွာတရွာတွင် အဘိုးအို တယောက်ကို တွေ့၏။

အဘိုးအိုသည် အိုမင်းလွန်းသဖြင့် ထိုင်နေသည့် အခါတွင် ဒူးနှစ်လုံးကြား၌ ခေါင်းဝင်၍ နေ၏။ အဝေးက ကြည့်ပါက အဘိုးအို၌ ခေါင်းသုံးလုံး ရှိသည်ဟု ထင်ရ၏။

အဘိုးအိုထံသို့ သွား၍ ဖခင် မှာခဲ့သော စကား၏ အဓိပ္ပာယ်ကို ရိုသေစွာ မေးလေသည်။ အဘိုးအိုက ဤသို့ ရှင်းပြလေ၏။ "ငါ့မြေး၊ တရွာတကျီဆောက်ပါ ဆိုသည်မှာ ရောက်ရာအရပ်တွင် မိတ်ဆွေဖွဲ့ပါဟု ဆိုလိုသည်။ သို့မှသာ ခရီး သွားလာသောအခါ မှီခို အားထားရာရမည်။

အိမ်နောက်ဖေး ဈေးဆိုင်တည်ပါ ဆိုသည်မှာ အိမ်နောက်ဖေးတွင် ဟင်းသီးဟင်းရွက်ပင်များ စိုက်ပါဟု ဆိုလိုသည်။ သို့မှသာ ဈေးဖိုး သက်သာမည်။

ခေါင်းတရာသားကို စားပါ ဆိုသည်မှာ ငါးနုတ်၊ ငါးသေး၊ ပုစွန်ဆိတ်တို့ကို စားပါဟု ဆိုလိုသည်။ ဤအစာမျိုးသည် အာဟာရလည်း ဖြစ်၍ ဈေးလည်း ချိုသည်။

တနေ့လျှင် ပုဆိုးသုံးခါ လဲပါ ဆိုသည်မှာ ဝတ်ထားသော လုံချည်ကို တနေ့သုံးခါ လှည့်၍ဝတ်ပါ ဟု ဆိုလိုသည်။ သို့မှသာ အစုတ် သက်သာမည်။

ခေါင်းသုံးလုံး ရှိသူထံမှာ သင်ယူပါ ဆိုသည်မှာ အသက်အရွယ် ကြီးသူထံမှာ သင်ယူပါဟု ဆိုလိုသည်။ သို့မှသာ ဗဟုသုတ အသိပညာ တိုးပွားမည်။

ထိုအခါ သားကြီးသည် ဆုံးမစကား၏ အဓိပ္ပာယ်ကို ကောင်းစွာ သဘောပေါက်၍ အဘိုးအို ပြောသည့်အတိုင်း လိုက်နာသဖြင့် ကြီးပွားချမ်းသာ လာလေသတည်း။ (အိမ်နောက်ဖေး ဈေးဆိုင်တည်) Crd

Post a Comment

0 Comments