ကြောက်စရာအကောင်းဆုံးသော ရန်သူ

တခါကက တောကြီးတခုမှာ အလွန်ကြီးမားတဲ့ ညောင်ပင်ကြီး တပင် ရှိတယ်။ အဲဒီ ညောင်ပင်ထိပ်မှာ ကြိုးကြာငှက်များ ဟာ သူတို့ နေထိုင်ဖို့ အသိုက်များကို ဆောက်လုပ်ထား ကြတယ်။

အပင်ရဲ့ ခြေရင်းက တွင်းတတွင်းမှာ မြွေမည်းတကောင် နေထိုင်ပြီး နှစ်တိုင်းနှစ်တိုင်း ဥက ပေါက်လာတဲ့ အရွယ် မရောက်သေးတဲ့ ကြိုးကြာပေါက် လေးတွေကို စားပစ်လေ့ ရှိတယ်။ အဲဒါကြောင့် ကြိုးကြာငှက်များဟာ အလွန်ပင် စိတ်ဆင်းရဲ ဖြစ်ကြရတယ်။

တနေ့မှာတော့ သားငယ်သမီးငယ်များ ဆုံးရှုံးခဲ့တဲ့ ကြိုးကြာငှက်မကြီးဟာ အနီးနားမှာ ရှိတဲ့ ကန်ရေပြင် နံဘေးမှာ ရပ်နေပြီး ဝမ်းနည်း ကြေကွဲစွာ ငိုကြွေးနေတုန်း ရေကန်ထဲမှာ နေတဲ့ ဂဏန်းက ကြိုးကြာ ငှက်မကြီးကို မြင်ပြီး လှမ်းအော်မေးတယ်။

"ကြိုးကြာကြီး ဘာလို့ ဒီလောက် ဝမ်းနည်း ငိုကြွေးပြီး မပျော်မရွှင် ဖြစ်နေရတာလဲဗျ"

ထိုအခါ ကြိုးကြာငှက်မကြီးက "သစ်ပင် ခြေရင်းက တွင်းမှာ နေတဲ့ မြွေဟာ ငါ့ကလေးတွေကို အမြဲတမ်း စားပစ်လေ့ ရှိတယ်။ ဒါကြောင့် ငါပူဆွေး ငိုကြွေးနေတာပါ မိတ်ဆွေ။ ငါ ဘာလုပ်သင့်သလဲ" လို့ ပြန်ဖြေတယ်။

ထိုအခါ ဂဏန်းက "ကျွန်တော် ကူညီနိုင်မယ် ထင်ပါတယ်။ ကျွန်တော်တို့ ဒီကောက်ကျစ်တဲ့ မြွေကို ဖမ်းပြီး သတ်ပစ်ရမယ်"

"ဒါပေမယ့် ငါတို့ ဒီမြွေကို ဘယ်လို ဖမ်းမလဲ။ သူက အင်မတန် စဉ်းလဲတယ်။ သူ့ကို ဖမ်းဖို့ ခက်လိမ့်မယ်။ သူ အမြဲ လွတ်သွားမှာပဲ"

"ကောင်းပြီလေ။ သူ့ကို ကိုယ်တိုင် မသတ်နိုင်ရင် သတ်နိုင်တဲ့ တခြားတယောက်ကို ရှာရမယ်"

"ဟုတ်တယ်၊ ဒါပေမယ့် ငါတို့ ဘယ်လိုလုပ်မလဲ"

"ကျွန်တော် ပြောပြမယ် ဒီနေရာနဲ့ သိပ်မဝေးတဲ့ နေရာမှာ မြွေပါ တကောင် နေတယ်။ မြွေပါ ဆိုတာ မြွေအားလုံးရဲ့ ရန်သူပဲ သူဟာ မြွေကိုမြင်ရင် သတ်ဖို့ အမြဲ ကြိုးစားတာပဲ။ ကျွန်တော်တို့ မြွေပါက မြွေမည်းကို သတ်အောင် ကြံရမယ်"

"အဲဒါ ကောင်းတယ်။ ဒါပေမယ့် ငါတို့ ဘယ်လို မြွေပါကို စည်းရုံးမလဲ"

ဂဏန်းက "ဒါက အရမ်း လွယ်ပါတယ်။ မြွေပါ ဆိုတာ ခင်ဗျားသိတဲ့ အတိုင်းပဲ ငါးကြိုက်တယ်လေ။ ဒါပေမယ့် သူက ငါးဖမ်းဖို့ ရေထဲကို မဆင်းနိုင်ဘူး။ ဒီတော့ ခင်ဗျားက သူ့အတွက် ငါးဖမ်း ပေးရမယ်။ ငါး လေးငါးကောင် ဖမ်းပြီး မြွေပါရဲ့ တွင်းဝ နားမှာ တကောင်ချပါ။

ပြီးရင် ခပ်လှမ်းလှမ်းမှာ နောက်တကောင် ချပါ။ ပြီးတော့ မြွေတွင်း မလှမ်းမကမ်းမှာ တကောင်ချ။ ဒီလို ချ ချ သွားရင်းနဲ့ နောက်ဆုံးတကောင် ကိုတော့ မြွေတွင်းနဲ့ တော်တော်နီးတဲ့ နေရာမှာချ။

မြွေပါက ပထမတကောင်ကို တွေ့ရင် သူပြေးပြီး စားလိမ့်မယ်။ ပြီးတော့ နောက်တကောင်။ ပြီးတော့ နောက်တကောင်။ အဲလိုမျိုး တကောင်စီ စားပြီး နောက်ဆုံး မြွေတွင်းနားမှာ ရှိတဲ့ ငါးဆီကို သူလာလိမ့်မယ်။

ပြီးရင် သူမြွေကို အနံ့ရ လိမ့်မယ်။ မြွေနံ့ ရရင် သတ်ချင်လာ လိမ့်မယ်။ နောက်တော့ ရန်ပွဲကြီးတခု ဖြစ်လာပြီး မြွေကို သတ်လိုက် လိမ့်မယ်။ ဒီလိုဆိုရင် ခင်ဗျားရဲ့ ရန်သူ ဇာတ်သိမ်းပြီပေါ့"

"ဟာ၊ ဒါဟာ အရမ်းကောင်းတဲ့ အကြံပဲ။ မင်း ပြောသလို ငါလုပ်မယ်" ဟု ကြိုးကြာငှက်က ဝမ်းသာအားရ ပြောပြီးနောက်ကြိုးကြာငှက်သည် ငါး လေးငါးကောင် ဖမ်းတော့ တာပေါ့။ ဂဏန်းပေးတဲ့ နည်းအတိုင်း ငါးများကို ချထားလိုက် တာပေါ့။

မနက်ခင်းမှာ မြွေပါက တွင်းထဲမှ ထွက်လာတော့ ပထမ ငါးတကောင်ကို တွေ့တာနဲ့ အငမ်းမရ စားတော့တာပေါ့။ နောက်ထပ် ငါးတကောင်ကို ခပ်လှမ်းလှမ်းမှာ တွေ့တော့ သွားပြီး စားလိုက် ပြန်တယ်။

တကောင်ပြီး တကောင် စားလာလိုက်တာ နောက်ဆုံးမှာ မြွေတွင်းဝဆီ ရောက်လာတော့ မြွေနံ့ ရလာတာပေါ့။ ချက်ချင်းပဲ မြွေပါဟာ မြွေတွင်းထဲကို ဝင်သွားပြီး မြွေမည်းနဲ့ တိုက်ခိုက်ကြတယ်။ အဆုံးသတ်မှာ မြွေမည်းဟာ မြွေပါ လက်ချက်နဲ့ သေသွားတာပေါ့။ သင်ခန်းစာ။ ။ ရန်သူ၏ ရန်သူသည် မိမိ၏ မိတ်ဆွေ ဖြစ်သည်။ မည်သူကို မဆို မိတ်ဆွေစစ် ဖြစ်အောင် သိမ်းသွင်းသင့်သည်။

ဒုတိယပိုင်း နောက်ဆက်တွဲ ပုံပြင်။ ။ စားစရာတွေ သက်သက်သာသာနဲ့ ရတဲ့ မြွေပါဟာ သစ်ပင်၏ ခြေရင်းသို့ ရောက်လာပြန်တဲ့အခါ ကြိုးကြာငှက်တို့ရဲ့ အသံများကို ကြားသွားတဲ့ အခါ သူ့အတွက် စားစရာရှိမှန်း သိသွားပြန်တယ်။ အဲဒီတော့ မြွေပါဟာသစ်ပင်ပေါ် တက်ပြီး ကြိုးကြာငှက် ငယ်လေးများကို တကောင်ပြီး တကောင် စားပြန်တယ်။

နောက်ဆုံးမှာ မြွေမစားနိုင်ပဲ ကျန်ခဲ့တဲ့ ကြိုးကြာငှက် အားလုံးပင် သေဆုံးသွား ကြရတာပေါ့။ ကျန်တဲ့ ကြိုးကြာများဟာလည်း ပြောင်းပြေးကုန် ကြရတာပေါ့။ ဤသို့ဖြင့် ဂဏန်းဟာ သူ့ရန်သူ ကြိုးကြာငှက်များကို အဝေးသို့ နှင်ထုတ်ပစ်နိုင် ခဲ့တယ်။

သင်ခန်းစာ။ ။ မိမိအတွက် အကြံပြု လာသူဟာ သဘောရိုး မရိုး မခွဲခြားနိုင်ပဲ အကြံဉာဏ် ယူမိလျင် ဒုက္ခ တွေ့တတ်၏။ တခါတရံ လောက၌ ကြောက်စရာ အကောင်းဆုံး ရန်သူသည် မိမိနဲ့ အနီးဆုံးမှာ ရှိနေတတ်သည်။ Crd

Post a Comment

0 Comments