ဘီလုံးငှက်မိသားစု

တခါက ဘီလုံးငှက်မ တကောင်ဟာ သူ့ရဲ့ သားသမီးတွေနဲ့ ပြောင်းခင်းထဲမှာ အသိုက်ဖွဲ့ နေခဲ့တယ်။ ဒီလိုနဲ့ သူ့ရဲ့ သားသမီးတွေဟာ မပျံသန်းနိုင်သေးတဲ့ အရွယ်မှာပဲ ပြောင်းခင်းဟာ ရင့်မှည့်လာပြီး ရိတ်သိမ်းဖို့ အချိန် ရောက်လာခဲ့တယ်။

အဲဒါနဲ့ ဘီလုံးငှက်မဟာ အစာရှာ မထွက်မီ သားသမီးတွေကို မှာကြားခဲ့တယ်။

"ဒီပြောင်းခင်း ကနေ တို့တတွေ ပြောင်းရလိမ့်မယ်။ ဒါပေမယ့် ဘယ်တော့ ပြောင်းရမှာလည်း ဆိုတာတော့ မသိသေးဘူး။ ဒါကြောင့် ဒီအနားကို လာပြီး ပြောဆိုနေ ကြတဲ့ လယ်သမားတွေရဲ့ စကားကို မှတ်သားထားပါ"

ညနေ စောင်းလို့ ဘီလုံးငှက်မကြီး အစာရှာပြီး ပြန်လာတဲ့ အချိန်မှာ ငှက်ကလေးတွေက ပြောလိုက်တယ်။ "အမေ လယ်သမားကြီးက သူ့ရဲ့ သားကို ခိုင်းတယ်။

ပြောင်းတွေ ရင့်မှည့်လို့ ရိတ်သိမ်းချိန် တန်ပြီ။ မိတ်ဆွေတွေကို မနက်ဖြန် လာကူရိတ်ဖို့ အကူအညီ သွားတောင်းတဲ့။ အမေရယ် သားတို့ သမီးတို့ကို ပြောင်းပေးပါ" လို့ ငှက်ကလေးတွေက ပြောတယ်။

ထိုအခါ အမေက "အင်း ကိစ္စမရှိသေးဘူး သားတို့ သမီးတို့ရယ်။ လယ်သမားကြီးဟာ မိတ်ဆွေ အိမ်နီးနားချင်းတွေကို အားကိုးရင် ဘာမှ အလုပ်ဖြစ်မှာ မဟုတ်သေးဘူး" လို့ ဖျောင်းဖျလိုက်သတဲ့။ အဲဒီနောက် သူတို့တတွေဟာ အေးဆေးစွာ အိပ်ကြတယ်။

နောက်တနေ့မှာလဲ ဘီလုံးငှက်မဟာ သားသမီးတွေကို ထုံးစံအတိုင်း လယ်သမား သားအဖရဲ့ စကား မှတ်သားထားကြဖို့ မှာပြီး အစာရှာ ထွက်သွားသတဲ့။ ညနေကျတဲ့ အခါ သူ့အမေ ဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေက ပြောပြတယ်။

"အမေရေ လယ်သမားကြီးနဲ့ သူ့ရဲ့သားဟာ စောင့်နေပေမယ့် ဘယ်သူမှ မလာဘူး"

"အမေပြောသလိုပေါ့"

"ဟုတ်တယ် အမေ။ ဒါနဲ့ လယ်သမားကြီးက သူ့ရဲ့ သားကို ခိုင်းပြန်တယ်။ ဆွေမျိုးတွေကို မနက်ဖြန် လာကူရိတ်သိမ်း ပေးဖို့ အကူအညီ သွားတောင်းလို့ မှာတယ်။ ဟုတ်တယ် အမေရယ် သားတို့ သမီးတို့ကို ပြောင်းပေးပါ" လို့ တောင်းပန်ကြ ပြန်တယ်။

အမေက "ကိစ္စမရှိသေးပါဘူး သားတို့ သမီးတို့။ လယ်သမားဟာ ဆွေမျိုးတွေကို အားကိုးတာပဲ။ ဒါဆိုရင်လည်း ဘာမှ အလုပ်ဖြစ်မှာ မဟုတ်သေးဘူး" လို့ နှစ်သိမ့်ပြန် သတဲ့။ အဲဒီနောက် သူတို့တတွေဟာ အသိုက်မှာ အေးဆေးစွာ အိပ်ကြတယ်။

နောက်တနေ့မှာ ဘီလုံးငှက်မဟာ အစာရှာမသွားမီ သားသမီးတွေကို ထုံးစံအတိုင်း လယ်သမား သားအဖရဲ့ စကားကို သေသေချာချာ မှတ်သားထားဖို့ မှာတယ်။ ညနေဖက် သူ့အမေ ဘီလုံးငှက်မကြီး ပြန်ရောက်တော့ ငှက်ကလေးတွေက ပြောပြတယ်။

"အမေရေ လယ်သမားကြီးနဲ့ သူ့ရဲ့ သားဟာ စောင့်နေပေမယ့် ဘယ်သူမှ မလာဘူး"

"အေး သူတို့ဟာ ဆွေမျိုး အားကိုးတာကိုး"

"ဟုတ်တယ်အမေ ဘယ်သူမှ မလာတော့။ လယ်သမားကြီးက သူ့ရဲ့သားကို ပြောတယ် မနက်ဖြန် တို့နှစ်ယောက်ပဲ ပြောင်းခင်းကို ရိတ်ကြမယ်တဲ့"

"ဟုတ်လား ဒါဆို သားတို့ သမီးတို့ ပြောင်းဖို့ အချိန်ရောက်လာပြီ" လို့ ပြောကာ အသိုက်ပြောင်းသွား လေသတဲ့။

သင်ခန်းစာလေးကတော့ ကိုယ့်အားကိုယ်ကိုးမှသာ အလုပ်ပြီးမြောက်ပြီး အကျိုး ဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။

Post a Comment

0 Comments