တခါက တိုင်းပြည် တပြည်ကို သိမ်းပိုက်ဖို့ ရန်သူ့စစ်တပ်ဟာ မြို့ရိုးကို ဝန်းရံထားတယ်။ ရန်သူ့စစ်တပ်ဟာ ဘုရင့်စစ်တပ်ထက် အင်အား များနေတဲ့အတွက် ဘုရင်ကလည်း ထွက်မတိုက်ဘဲ နေခဲ့တယ်။ ဒီလိုနဲ့ အချိန်ကြာလာတော့ ဘုရင့်တပ်ဟာ အစာရေစာ ပြတ်လုနီးနီး ဖြစ်လာခဲ့တယ်။

ဒါကြောင့် ဘုရင်ကြီးဟာ အရေးပေါ် အစည်းအဝေးတခု ခေါ်လိုက်တယ်။ ဘုရင်ကြီးက "ငါတို့ မကြာခင်အချိန်မှာ အစာရေစာ ပြတ်ပြီး အငတ်ဘေးနဲ့ ကြုံရတော့မယ်။ ဒါကြောင့် ရန်သူ့တပ်ကို ငါတို့ ထွက်တိုက်မယ်" လို့ ပြောတယ်။

စစ်သူကြီးက "ဒါကတော့ မဖြစ်သင့်ပါဘူး အရှင်။ ရန်သူ့စစ်တပ်ဟာ ဘုရင့်စစ်တပ်ထက် အင်အား ကြီးလွန်းပါတယ်။ ဒါကြောင့်ထွက်တိုက်ရင် သေချာပေါက် ရှုံးပါလိမ့်မယ်။ ကံတရားက ကျွန်တော်တို့ကို ရှုံးဖို့အတွက် ကြိုတင် သတ်မှတ်ပြီးသားပါ"

ဘုရင်ကြီးက "ဒါဆို စစ်မတိုက်ရသေးဘဲ ငါတို့ရှုံးမယ်လို့ ကံတရားက သတ်မှတ်ထားတာလား" လို့ မေးတယ်။ စစ်သူကြီးများကလည်း "ဟုတ်ပါတယ် အရှင်မင်းကြီး" လို့ လျှောက်ကြတယ်။

ဘုရင်ကြီးက "ကောင်းပြီလေ။ မင်းတို့တွေကံတရားကို အဲဒီလောက်ယုံကြည်တယ်ဆိုရင် ငါတို့ ကံစမ်းကြည့်ကြတာပေါ့"

ဘုရင်ကြီးက ပြောပြောဆိုဆိုနဲ့ သူ့အိတ်ထဲက အကြွေစေ့တခုကို ထုတ်လိုက်ပြီး ပြောတယ်။ "အခု ငါ့လက်ထဲမှာ အကြွေစေ့ရှိတယ်။ ငါမြှောက်လိုက်လို့ ပြန်ကျလာတဲ့အခါ ခေါင်းကျရင် ဒီစစ်ပွဲမှာ ငါတို့နိုင်မယ်။

ဒါကြောင့် ထွက်တိုက်မယ်။ ပန်းကျရင်တော့ ငါတို့ရှုံးမယ်။ ဒါကြောင့် ထွက်မတိုက်တော့ဘူးလို့ ဆုံးဖြတ်မယ်။ ဘယ်လိုလဲး" ဆိုတော့ စစ်သူကြီးများ အားလုံးက တညီတညာတည်း ထောက်ခံကြတယ်။

အဲဒါနဲ့ ဘုရင်ကြီးက အကြွေစေ့ကို လေထဲ မြှောက်ပြီး ပြန်အကျမှာ ဖမ်းလိုက်တယ်။ ပြီးတော့ လက်ကို ဖြေးဖြေးခြင်း ဖွင့်လိုက်တဲ့အခါမှာ ခေါင်းဘက်ကို ကျနေတာကို တွေ့ကြတယ်။ ဒါကြောင့် စစ်သူကြီးအားလုံး အရမ်းကို ပျော်သွားတယ်။ နောက် ဒီစစ်ပွဲမှာ သူတို့နိုင်မယ်လို့ ယုံကြည်သွားတယ်။

ဘုရင်ကြီးနဲ့ စစ်သူကြီးတို့ဟာ ထွက်တိုက်ဖို့အတွက် စီမံကိန်း ရေးဆွဲကြတယ်။ သူတို့က အင်အားနည်းတဲ့အတွက် ယှဉ်တိုက်ဖို့မလွယ်ဘူး။ ဒါကြောင့် ညအိပ်ချိန်မှာ အလစ်တိုက်ဖို့ အစီအစဉ် ဆွဲလိုက်တယ်။

ဒီစစ်ပွဲမှာ သေချာပေါက် နိုင်မယ်ဆိုတဲ့အကြောင်းကို စစ်သူကြီးတွေကနေ တဆင့် စစ်သည်တော်တွေ အထိ ပြန့်နှံ့သွားတယ်။ ဒါကြောင့် စစ်သူကြီးတွေရော စစ်သည်တော်တွေရော အားလုံး စိတ်ဓာတ်တက်ကြွနေကြတယ်။ သူတို့နိုင်မယ်လို့လည်း ယုံကြည်မှု ပြင်းထန်နေကြတယ်။

သူတို့အစီအစဉ် ဆွဲထားတဲ့အတိုင်း ညအချိန်ကို ရောက်တဲ့အခါ ရန်သူ့တပ်ကို ဝင်တိုက်ကြတယ်။ ရန်သူတွေဟာ အလစ်တိုက်ခံလိုက်ရတဲ့အတွက် ဖရိုဖရဲဖြစ်ပြီး နောက်ဆုံးမှာ နောက်ဆုတ် ထွက်ပြေးကြရတော့တယ်။ စစ်နိုင်သွားတဲ့အတွက် ဘုရင်ကြီးနဲ့အတူ မှူးမတ်တွေအားလုံး စားသောက်ပွဲ ကျင်းပကြတယ်။

စားသောက်ပွဲမှာ ဘုရင်ကြီးက မေးတယ်။ "ဒီစစ်ပွဲမှာ ငါတို့ ဘာကြောင့်နိုင်တာလဲ" "ကံတရားကြောင့်ပါ အရှင်မင်းကြီး" လို့ စစ်သူကြီးတွေက ဖြေကြတယ်။ ဘုရင်ကြီးက "ကံကြောင့် မဟုတ်ဘူးကွ။ မင်းတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုကြောင့်ပဲ။ ကံကြောင့် မဟုတ်ဘူး။ မယုံရင် မင်းတို့ကို ငါသက်သေပြမယ်"

ဘုရင်ကြီးက ပြောပြောဆိုဆိုနဲ့ အကြွေစေ့ကို ထုတ်ပြီး စားပွဲပေါ် တင်လိုက်တယ်။ အကြွေစေ့ရဲ့ မျက်နှာ၂ ဘက်စလုံးဟာ ခေါင်းဖြစ်နေတာကို စစ်သူကြီးတွေ တွေ့သွားတယ်။ ဘုရင်ကြီးက

"အလုပ်တခု အောင်မြင်ဖို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့ လိုတယ်။ ကံဆိုတာ ရွှေဒင်္ဂါး တပြား ဖြစ်ခဲ့ရင် ကြိုးစားမှုက ၉၀ ကျပ်သား။ အခွင့်အရေး ၁၀ ကျပ်သား သွန်းလောင်းထားတယ်" လို့ မိန့်လိုက်ပါတော့တယ်။ Crd