ပတ်ဝန်းကျင်ကောင်း

တခါတုန်းက ကြက်တူရွေးနှစ်ကောင်က ညောင်ပင်တပင်မှာ အသိုက်လုပ်ပြီး နေထိုင် ကြပါတယ်။ သူတို့မှာ သားပေါက် ကြက်တူရွေး နှစ်ကောင်လည်း ရှိပါတယ်။

အဖေနဲ့ အမေ ကြက်တူရွေးနှစ်ကောင်က မနက်ခင်းမှာ အစာရှာပြီး အစာတွေစုဆောင်းကာ ညနေခင်းမှာ အသိုက်ရှိရာ ပြန်လာကြပါတယ်။

တနေ့မှာတော့ သူတို့ရဲ့ မိဘများက အဝေးကို ထွက်သွားပါတယ်။ ကြက်တူရွေးပေါက်လေး နှစ်ကောင်က မုဆိုးတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပါတယ်။ နှစ်ကောင်ထဲက တကောင်က မုဆိုးတွေရဲ့ လက်ထဲကနေ လွတ်မြောက် သွားပါတယ်။

မုဆိုးက ကျန်ခဲ့တဲ့ တကောင်ကို လှောင်အိမ်ထဲ ထည့်ပြီး မွေးထားလိုက်ပါတယ်။ မကြာခင်မှာပဲ လှောင်အိမ်ထဲက ကြက်တူရွေးက စကားအနည်းငယ်ကို သင်ယူရ ပါတယ်။

မုဆိုးနဲ့ သူ့ရဲ့ မိသားစုဟာ စကားကို ကြမ်းတမ်းစွာ ပြောဆိုပြီး ကြင်နာစွာ ပြောဆိုဆက်ဆံဖို့ ဂရုမစိုက်ကြသလို၊ အလေ့အကျင့်လည်း မရှိကြပါဘူး။

လွတ်မြောက်သွားတဲ့ တကောင်ကတော့ တရားစခန်း တခုနားက အပင်တပင်မှာ နေထိုင်ရင်း ထိုပတ်ဝန်းကျင်က နူးညံ့စွာ စကား ပြောဆိုတာတွေ၊ ကြင်နာတရားရှိဖို့ ဆိုဆုံးမ သံတွေကို နေ့စဉ် နားထောင်ရင်းနဲ့ သင်ယူရပါတယ်။

တနေ့မှာတော့ ခရီးသွားတယောက်က မုဆိုးရဲ့ တဲအနီးမှာ အနားယူ နေပါတယ်။ မုဆိုးရဲ့ လှောင်အိမ်ထဲက ကြက်တူရွေးဟာ ခရီးသွားတယောက် အပြင်မှာ ထိုင်နေတာကို မြင်တာနဲ့ "အရူးကောင်၊ နင် ဒီကို ဘာလာလုပ်တာလဲ ထွက်သွားစမ်း။ ဘာမှတ်နေလဲ" စသဖြင့် ကြမ်းတမ်းတဲ့ စကားတွေနဲ့ အော်ပါတော့တယ်။

ခရီးသွား ကလည်း ကြောက်လန့်ပြီး ထိုနေရာကနေ ထွက်ပြေးသွား ပါတော့တယ်။ အဲဒီ ခရီးသွားဟာ တရားစခန်းနားကို အရောက်မှာ တခြား ကြက်တူရွေး တကောင်ကို တွေ့ပြန်ပါတယ်။

ထိုကြက်တူရွေးက "ကြိုဆိုပါတယ် အသင်မိတ်ဆွေ။ ဒီနေရာမှာ လွတ်လပ်စွာ နားနေနိုင်ပါတယ်" လို့ ချိုသာစွာ ခရီးဦးကြို ပြုပါတယ်။

ခရီးသွားဟာ အံ့အားသင့်ပြီး "အို အသင်ကြက်တူရွေး သင်က အရမ်းကို ဖော်ရွေတာပါလား။ ဘယ်လိုကြောင့် ဒီလောက် ကြင်နာတတ် ရတာလဲ။ ဒီကို မလာခင် မုဆိုးတယောက်ရဲ့ လှောင်အိမ်ထဲမှာ ကြက်တူရွေးတကောင် ကိုတောင် တွေ့ခဲ့သေးတယ်။ ဒါပေမယ့် ထိုကြက်တူရွေးကတော့ ရိုင်းစိုင်းလိုက်ပါဘိ" လို့ ပြောပါတယ်။

ထိုအခါ ကြက်တူရွေးက "အဲဒါ ကျွန်တော့်ညီလေးပါ။ ကျွန်တော်က ဒီကို ထွက်ပြေးလာတယ်။ သူကတော့ မုဆိုးအိမ်မှာ ကျန်နေခဲ့တယ်။ ကျွန်တော်က ယောဂီတွေဆီက တရားဓမ္မတွေကို သင်ယူရပါတယ်။

ကျွန်တော့် ညီလေးကတော့ မုဆိုးမိသားစုရဲ့ စကားတွေကို သင်ယူရမှာပါ။ ဒါကြောင့် သူဟာ ကြမ်းတမ်း ရိုင်းစိုင်းနေရတာ ဖြစ်ပါတယ်။ ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကပဲ ကိုယ် ဘယ်လိုလူ ဆိုတာ ဖြစ်လာစေပါတယ်" လို့ ကြက်တူရွေးက ပြောလိုက် ပါတော့တယ်။

ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်က ကိုယ့်ကို ဘယ်လိုလူမျိုး ဖြစ်လာစေသလဲ ဆိုတာကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ ကိုယ်တိုင်က လူကောင်းသူကောင်း ဖြစ်ချင်တယ် ဆိုရင်တော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကလည်း ကောင်းနေမှ ဖြစ်မှာပါ။ ကိုယ့်ပတ်ဝန်းကျင် မကောင်းဘူး ဆိုရင် ကိုယ့်အတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကိုသာ ရှာဖွေနေထိုင် သင့်ပါတယ်။

အထူးသဖြင့် ကလေးငယ်တွေဟာ ပတ်ဝန်းကျင်က လူကြီးတွေရဲ့ အပြုအမူကို အတုယူတတ် ကြပါတယ်။ ကလေးငယ်တွေအတွက် ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးနိုင်မှသာ နောင်တချိန်မှာ လူကြီးကောင်းလေးတွေ ဖြစ်လာမှာ ဖြစ်ကြောင်းကို ဒီအကြောင်းအရာလေးက သင်ခန်းစာ ပေးထားတာ ဖြစ်ပါတယ်။ Crd

Post a Comment

0 Comments