အမှိုက်တွေကို ခေါင်းထဲ မထည့်ပါနဲ့

တနေ့က အိမ်ရှေ့မှာ ခဏထွက်ထိုင်ရင်း အမှိုက်ကောက်နေတဲ့ ကလေးတယောက်ကို လိုက်ကြည့်နေ မိတယ်။

သူက ကျွန်တော်တို့ အိမ်ရှေ့က အမှိုက်ပုံးထဲက အမှိုက်တွေကို ဟိုလှန်၊ ဒီလှန်နဲ့ ရှာနေတော့ ကျွန်တော်ကလည်း "ဘာတွေ ရှာနေတာလဲ ကလေး" လို့ မေးလိုက်တယ်။

အဲ့ကလေးက "ရေသန့်ဘူးခွံတွေ၊ အချိုရည်ဘူးခွံတွေ ရှာနေတာပါ" လို့ ပြန်ဖြေတယ်။ အဲဒါနဲ့ ကျွန်တော်လည်း အိမ်ထဲ ပြန်ဝင်ပြီး ရှိသမျှ ရေသန့် ဘူးခွံတွေ၊ အချိုရည်ဘူးခွံတွေ ယူချလာပြီး အကုန်ပေး လိုက်တယ်။

သူက ကျွန်တော် ပေးလိုက်တဲ့ ရေသန့်ဘူးခွံတွေ၊ အချိုရည် ဘူးခွံတွေကို ဘူးခွံတွေချည်း သီးသန့် ထည့်ထားတဲ့ အိတ်တအိတ်ထဲ ကောက်ထည့်တယ်။

ပြီးတော့ နောက်ထပ် အိတ်တအိတ် ထပ်ယူပြီး အမှိုက်ပုံးထဲက ကလေးကစားစရာ အရုပ်လေးတွေနဲ့ တခြား သူ့အတွက် အသုံးလိုမယ် ထင်တဲ့ ပစ္စည်းလေးတွေ ထပ်ထည့်နေတယ်။

သူအဲဒီလို ရွေးပြီး ထည့်နေတာ မြင်တော့ ကျွန်တော့်ခေါင်းထဲ အတွေးတခု ဝင်လာတယ်။ အဲ့ဒါက ဘာလဲဆိုတော့

"အမှိုက်ကောက်တဲ့ ကလေးတယောက်တောင် သူ့ရဲ့ အမှိုက်အိတ်ထဲကို အသုံးလိုတာတွေပဲ ထည့်ပြီး အသုံးမလိုတာတွေ မထည့်ပါလား" ဆိုတဲ့ အတွေးတခု။

ကျွန်တော် အဲ့ဒီကလေးကို ရေသန့်ဘူးခွံ မဟုတ်ဘဲ တခြား အမှိုက်သရိုက်တွေ ပေးမယ် ဆိုရင် သူယူမယ် ထင်ပါသလား။ အပင်ပန်းခံ အလေးခံပြီး သူ့ရဲ့အိတ်ထဲ ထည့်မယ် ထင်ပါသလား။

ဘယ်ထည့်လိမ့်မလဲ။ သူ့အတွက် အသုံးလိုမှ မလိုဘဲ။ အမှိုက်ကောက်တဲ့ ကလေးတောင် သူ့အိတ်ထဲ တွေ့သမျှ အမှိုက် အကုန်မထည့်ရင် ကျွန်တော်တို့ကရော ကျွန်တော်တို့ ခေါင်းတွေထဲကို ဘာကြောင့် အမှိုက်သရိုက်တွေ အကုန်ထည့်နေမှာလဲ။

တကယ်တော့ ကျွန်တော်တို့ အတွေးတွေထဲ အမှိုက်သရိုက်တွေ ရောက်နေတယ် ဆိုတာ ကျွန်တော်တို့ ကိုယ်တိုင်က လက်ခံနေလို့ပါ။

ဘယ်လောက်ပဲ ပေးသူက ပေးနေနေ ယူမယ့်သူက လက်မခံရင် ပေးမရပါဘူး။ ဒါကြောင့် ကျွန်တော်တို့ ခေါင်းထဲကို လိုတာတွေပဲထည့်ပါ၊ မလိုတာတွေ မထည့်ပါနဲ့လို့ အကြံပေးချင် ပါတယ်။ PeakPerformanceCoach

Post a Comment

0 Comments