ခွေးလေးတွေမှာ အသက်အရွယ်မရွေး၊ အမျိုးအစားမရွေး ကျန်းမာရေးပြဿနာတွေ ပေါ်ပေါက်နိုင်ပါတယ်။ ခွေးလေးတွေက ရုတ်တရက်နှလုံးရပ်ပြီး အသက်ရှူမရတော့ဘူးဆိုရင် တိရစ္ဆာန်ဆရာဝန်ဆီကို အမြန်ဆုံးသွားသင့်ပါတယ်။

ဆရာဝန်မရှိတဲ့နေရာမှာ ခွေးလေးတွေ အသက်ရှူရပ်သွားခဲ့ရင် အရေးပေါ်ကယ်ဆယ်နိုင်မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

- ခွေးက အသက်ရှူနေသေးလားဆိုတာကို စစ်ဆေးပါ။

သင့်ရဲ့လက်ကို ခွေးရဲ့နှာခေါင်းရှေ့မှာ ထားပြီး အသက်ရှူနေသေးလားဆိုတာ စမ်းသပ်ကြည့်နိုင်ပါတယ်။ နောက်ထပ်နည်းလမ်းကတော့ ခွေးရဲ့ရင်ဘတ်ပေါ်ကို လက်တင်ပြီး နှလုံးခုန်နေလား၊ မခုန်တော့ဘူးလားဆိုတာကို စစ်ဆေးတာပါ။ ပြီးနောက် ခွေးရဲ့ပါးစပ်ကို ဟပြီး လျှာကို ဆွဲကြည့်ပါ။

- ခွေးရဲ့သွေးခုန်နှုန်းကို စစ်ဆေးပါ။

ခွေးရဲ့လက်အနောက်ဘက်၊ လက်နဲ့ခန္ဓာကိုယ်ဆက်နေတဲ့နေရာမှာ သွေးနှုန်းကို စမ်းကြည့်နိုင်ပါတယ်။ ခွေးက သွေးခုန်နေသေးပေမယ့် အသက်မရှူတော့ရင် အသက်ရှူလာအောင် ပြန်လုပ်ပေးဖို့ လိုအပ်ပါတယ်။ သွေးမခုန်တော့ဘူးဆိုရင် CPR ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

ကျန်းမာတဲ့ခွေးကို CPR လုပ်လို့မရပါဘူး။ ကျန်းမာတဲ့ခွေးကို CPR လုပ်ရင် ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေပါတယ်။

အဆင့် ၁

ခွေးကို ပထမဆုံး ညီညာတဲ့ကြမ်းပြင်ပေါ်မှာ လဲလျောင်းခိုင်းပါ။ ခွေးရဲ့ခေါင်းက တည့်တည့်ဖြစ်နေဖို့ လိုပါတယ်။ လည်ပင်းကလည်း ဆန့်နေဖို့ လိုအပ်ပါတယ်။ ဒီအနေအထားကတော့ အသက်ရှူလမ်းကြောင်းထဲကို လေဝင်ဖို့အဆင်ပြေပါတယ်။

အဆင့် ၂

အဆင့် ၂ မှာတော့ ခွေးရဲ့နလှံးတည်နေရာကို ရှာဖွေရမှာပါ။ ခွေးအကြီးတွေမှာ နံရိုးအိမ်ရဲ့အကျယ်ဆုံးနေရာမှာ နှလုံးတည်ရှိပါတယ်။

ပေါင် ၃၀ နဲ့အောက် ခွေးတွေမှာတော့ နှလုံးတည်နေရာသိဖို့ ရှေ့ခြေထောက်ကို ကွေးလိုက်ပါ။ အဲဒီအခါ တံတောင်ဆစ်က ရင်ဘက်ကို သွားထိပါတယ်။ တံတောင်ဆစ်ထိတဲ့နေရာက ခွေးရဲ့နှလုံးတည်ရှိတဲ့နေရာပါ။

အဆင့် ၃

သင့်ရဲ့လက်ဝါးနှစ်ခုကို ထပ်ပြီး ခွေးရဲ့ နံရိုးအိမ်ပေါ်ကို ဖိပေးပါ။ ဖိတဲ့အခါ ခပ်မြန်မြန်နဲ့ ထိထိမိမိ၊ ထပ်ခါထပ်ခါဖိပေးဖို့လိုအပ်ပါတယ်။ ၁၀ စက္ကန့်အတွင်းမှာ ၁၅ကြိမ်ခန့် ဖိပေးပါ။

ငယ်သေးတဲ့ခွေးလေးတွေအတွက် လက်ဝါးနဲ့ဖိဖို့မလိုအပ်ပါဘူး။ လက်ညှိုးနဲ့လက်ခလယ်ကို အသုံးပြုပြီး ရင်ဘတ်နေရာကို ၁၀ စက္ကန့်အချိန်အတွင်းမှာ ၁၇ ကြိမ်ခန့် ဖိပေးပါ။

အဆင့် ၄

၁၅ ကြိမ်ဖိပြီးတိုင်း ခွေးရဲ့ပါးစပ်ထဲကို လေမှုတ်သွင်းပေးပါ။ ခွေးရဲ့ပါးစပ်ကို ဟလိုက်ပြီး လေကို ညင်ညင်သာသာ မှုတ်သွင်းလိုက်ပါ။ အဲဒီအချိန်မှာ ခွေးရဲ့ရင်ဘတ်က ကြီးပြီး မြင့်တက်လာပါတယ်။ ရင်ဘတ်က ကြီးပြီး မမြင့်တက်လာတဲ့အခါမှာ လေကို ထပ်ပြီးမှုတ်သွင်းသေးပါ။

အဆင့် ၅

ခန္ဓာကိုယ်ကြီးတဲ့ခွေးတွေကို ဝမ်းဗိုက်ကို ဖိပေးလို့ရပါတယ်။ ခွေးရဲ့ဝမ်းဗိုက်ကို လက်ဝါးနဲ့ ဆွဲချပြီး ညှစ်ပေးတာက နှလုံးဆီကို သွေးလည်ပတ်အောင် ကူညီပေးပါပါတယ်။ နှလုံးနေရာကို ၁၅ ကြိမ်ဖိပြီး ပါးစပ်ထဲကို လေနဲ့မှုတ်သွင်းပါ။ ပြီးနောက် ဝမ်းဗိုက်နေရာကိုလည်း ဖိပေးပါ။

အဆင့် ၆

ဖြည်းဖြည်းချင်း သွေးမခုန်လာမချင်း၊ အသက်မရှူလာမချင်း အထက်ပါအဆင့်တွေကို ပြုလုပ်ပေးပါ။ ဒီအဆင့်တွေကို ပြုလုပ်တဲ့အခါ မိနစ် ၂၀ ထက် ပိုမကြာသင့်ပါဘူး။ ခွေးကို နလုံးပြန်ခုန်လာစေဖို့ ဆရာဝန်ဆီကို အမြန်ဆုံးသွားသင့်ပါတယ်။

Zombie (lovemedia)