ကလေးတွေက အသက် ၁၀ လခန့်ကနေစပြီး စကားတွေ စပြောတတ်လာပါတယ်။ ကလေးတွေကို စကားများများပြောပေးခြင်းက ပြင်ပလောကအကြောင်း ပိုသိလာစေရုံက အနာဂတ်မှာပါ အခြားသောစွမ်းရည်တွေ တိုးတက်လာစေမှာပါ။

ကလေးတွေကို စကားများများ ပြောပေးဖို့ လိုအပ်တဲ့အကြောင်းအရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၂၀၀၆ ခုနှစ်မှာ သိပ္ပံပညာရှင်တွေက အသက် ၂ နှစ်ကနေ ၄ နှစ်အရွယ်ကလေးတွေရဲ့ တစ်လချင်းစီစကားပြောတိုးတက်လာတဲ့အသံဖိုင်တွေကို စုစည်းလိုက်ပါတယ်။

အဲဒီအသံဖိုင်တွေထဲကမှ လူကြီးတွေပြောတဲ့စကားလုံး၊ ကလေးတွေက လူကြီးတွေပြောတာကို တုံ့ပြန်တဲ့စကားလုံးတွေကို ခွဲထုတ်လိုက်ပါတယ်။

သုတေသနရဲ့နောက်တစ်ဆင့်မှာ အသက် ၉ နှစ်ကနေ ၁၄ နှစ်အရွယ်ကလေးတွေကို လေ့လာတာပါ။ အဲဒီကလေးတွေအားလုံးကို ဘာသာစကားစွမ်းရည်စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ရလဒ်အရ ငယ်ငယ်ကတည်းက လူကြီးတွေနဲ့ စကားများများပြောတဲ့ကလေးတွေက စကားလုံးပိုကြွယ်ဝတာကို တွေ့ရပါတယ်။

သုတေသနရဲ့ရလဒ်အရ ငယ်ငယ်ကတည်းက ကလေးတွေကို စကားများများပြောပေးရင် ကလေးတွေမှာ ပေါင်းသင်းဆက်ဆံရေးစွမ်းရည် မြင့်လာတာကို တွေ့ရပါတယ်။

ကလေးတွေက စကားလည်း မြန်မြန်ပြောတတ်ပြီး ဝေါဟာရလည်း ပိုမိုကြွယ်ဝလာပါတယ်။ ခြေဟန်လက်ဟန်အမူအရာတွေကိုလည်း အခြားကလေးထက် အသုံးပြုတတ်လာပါတယ်။

ကလေးတွေက ငယ်ရွယ်စဉ်မှာ မေးခွန်းတွေ အများကြီးမေးတတ်ပါတယ်။ ဒါပေမယ့် အချို့မိဘတွေက စိတ်မရှည်တာကြောင့် အများကြီး ပြန်မဖြေကြပါဘူး။

ကလေးတွေနဲ့ စကားတွေအပြန်အလှန်ပြောတာ၊ စကားတွေများများပြောတာက ဆက်စဉ်တွေးခေါ်မှုစွမ်းရည်ကို တိုးတက်လာစေပါတယ်။ ကလေးတွေအတွက် အတွေးအသစ်တွေ ရရှိလာစေရုံမက စူးစမ်းတဲ့စိတ်တွေလည်း ပိုမိုဖြစ်ပေါ်လာစေပါတယ်။

ကလေးတွေကို စကားမြန်မြန်ပြောတတ်စေဖို့၊ စကားများများပြောတတ်စေဖို့ လက်ချောင်းလေးတွေကို အသုံးပြုနိုင်ပါတယ်။ အရာဝတ္တုကို လက်ညှိုးထိုးပြပြီး စကားတွေ အများကြီးပြောပြတာက ကလေးတွေအတွက် ပိုမိုနားလည်ရလွယ်ကူစေပါတယ်။

စကားလုံးအသစ်တွေကိုလည်း များများနားလည်ပြီးသားဖြစ်တာကြောင့် စာသင်တဲ့အခါမှာလည်း အထောက်အကူဖြစ်မှာပါ။

Zombie (lovemedia)