ခွေးလေးတွေ၊ ကြောင်လေးတွေက လူသားတွေနဲ့အတူတူနေထိုင်လာခဲ့တာ နှစ်ပေါင်းထောင်ချီနေပါပြီ။ ဒါပေမယ့် သူတို့ရဲ့အချို့သောအမူအရာတွေက အရိုင်းဆန်နေတတ်ပါသေးတယ်။
သူတို့ရဲ့ထူးထူးဆန်းဆန်းအမူအရာတွေက လူသားတွေအတွက်တော့ တစ်ခါတရံ စဉ်းစားရခက်နေတတ်ပါတယ်။
၁။ ကြောင်လေးတွေက လူသားတွေရဲ့ဖိနပ်အနံ့ကို ဘာလို့ ကြိုက်တာလဲ။
ကြောင်လေးတွေက လူသားတွေရဲ့ အနံ့ထွက်နေတဲ့ဖိနပ်တွေကို ကုတ်ခြစ်တတ်ကြပါတယ်။ အဲဒီနောက် သူတို့ရဲ့အနံ့ကို ထားခဲ့တတ်ကြပါတယ်။ လူသားတွေရဲ့ဖိနပ်မှာ အနံ့တွေထားခဲ့တာကတော့ ကြောင်အချင်းချင်း နယ်နိမိတ်သတ်မှတ်တာပါ။
၂။ ခွေးတွေက မအိပ်ခင်မှာ ခန္ဓာကိုယ်ကို ဘာလို့စက်ဝိုင်းပုံ လှည့်နေတာလဲ။
ခွေးလေးတွေက မအိပ်ခင်မှာ အိပ်မယ့်နေရာတစ်ဝိုက်ကို လှည့်ပတ်နေတတ်ပါတယ်။ ရှေးရှေးတုန်းက ခွေးတွေဟာ သူတို့အိပ်မယ့်နေရာနားမှာ အန္တရာယ်ပေးနိုင်မယ့် ပိုးမွှား၊ တိရစ္ဆာန်တွေ ရှိလားဆိုတာကို စစ်ဆေးတာပါ။ ခွေးတွေက ယနေ့ခေတ်မှာ အိမ်မှာပဲ အိပ်ကြပေမယ့် အဲဒီအကျင့်က ပျောက်မသွားသေးပါဘူး။
၃။ ကြောင်လေးတွေက လူသားတွေရဲ့ နဖူးကို ဘာလို့ လာပွတ်သပ်တာလဲ။
ကြောင်လေးတွေက လူသားတွေရဲ့ နဖူးကို လာပွတ်သပ်ပြီး သူတို့ရဲ့အနံ့ကို ချန်ထားခဲ့ပါတယ်။ သူတို့ရဲ့အနံ့ကို ချန်ထားပြီးတဲ့အခါ လူသားတွေက သူတို့ရဲ့အုပ်စုမှာ အဖွဲ့ဝင်တစ်ယောက်ဖြစ်သွားပါပြီ။ ကြောင်လေးတွေက သူတို့ချစ်တဲ့သခင်တွေကိုသာ ဒီလိုအပြုအမူမျိုး ပြုလုပ်တတ်ကြတာပါ။
၄။ ကြောင်တွေက သခွားသီးကို ဘာဖြစ်လို့ ကြောက်တာလဲ။
ကြောင်လေးတွေက သခွားသီးတွေကို မြင်ရင် အရမ်းလန့်သွားတတ်ကြပါတယ်။ သခွားသီးတွေက ကြောင်တွေရဲ့မျက်လုံးထဲမှာ မြွေနဲ့ဆင်တူနေတာကြောင့်ပါ။
ဒါပေမယ့် ကြောင်လေးတွေကို သခွားသီးနဲ့ လန့်အောင် မစသင့်ပါဘူး။ ကြောင်လေးတွေက သူတို့ကို ခဏခဏစိတ်ဆိုးအောင်လုပ်တဲ့အခါ အိမ်ကို ပြန်မလာတော့ပါဘူး။
၅။ ခွေးတွေက ဘာဖြစ်လို့ မြေကြီးတွေကို တူးတာလဲ။
ခွေးတွေက မြေကြီးတွေ၊ သဲတွေကို တွေ့ရင် အားကြိုးမာန်တက် တူးလေ့ရှိကြပါတယ်။ ခွေးလေးတွေက တောထဲမှာ နေစဉ်တုန်းက မြေကျင်းတူးပြီး အစားအစာတွေကို ထည့်မြှုပ်လေ့ရှိပါတယ်။
မြှုပ်ထားတဲ့အစားအစာက အဆင်သင့်ဖြစ်တဲ့အခါမှာ ပြန်တူးပြီး စားလေ့ရှိပါတယ်။ ယနေ့ခေတ်အိမ်မွေးခွေးတွေကလည်း မြေကြီးတွေကို တူးတဲ့အကျင့် ရှိပါတယ်။
၆။ ကြောင်လေးတွေက ဂျပ်ပုံးတွေကို ဘာလို့ကြိုက်တာလဲ။
ကြောင်လေးတွေကို အိပ်ရာကောင်းကောင်းမွန်မွန်ပြုလုပ်ထားပေးပေမယ့် သူတို့က ဂျပ်ပုံးထဲမှာ အိပ်နေရတာကိုပဲ ကြိုက်ပါတယ်။ ဂျပ်ပုံးက ကြောင်လေးတွေကို လုံခြုံအောင် ပြုလုပ်ပေးနိုင်တယ်လို့ သူတို့စိတ်ထဲမှာ ယုံကြည်ထားလို့ပါ။ ဒါ့အပြင် ဂျပ်ပုံးထဲမှာနေရင် သူသားတွေက သူတို့ကို သတိမထားမိနိုင်ဘူးလို့ ထင်ကြလို့ပါ။
၇။ ခွေးတွေက ဘာဖြစ်လို့ လူးလိမ့်နေတာလဲ။
ခွေးလေးတွေက ထိုင်နေရင်းနဲ့ ရုတ်တရက် မြေကြီးပေါ်မှာ လူးလိမ့်တတ်ကြပါတယ်။ ခွေးတွေက တောထဲမှာ နေတုန်းက အခြားသောတိရစ္ဆာန်တွေကို အမဲလိုက်ပြီးစားသောက်ပါတယ်။
အမဲလိုက်စားသောက်လို့ရမယ့်တိရစ္ဆာန်ရဲ့အနံ့ရတဲ့အခါ မြေကြီးပေါ်မှာ လူးလိမ့်တတ်ပါတယ်။ ယနေ့ခေတ်အိမ်မွေးခွေးတွေက အမဲမလိုက်တော့ပေမယ့် မြေကြီးပေါ်မှာ မကြာခဏလူးလိမ့်တတ်ကြပါတယ်။
၈။ ကြောင်လေးတွေက လူသားတွေအပေါ်မှာ ဘာလို့ တက်အိပ်တာလဲ။
ကြောင်လေးတွေက သင့်ရဲ့ခန္ဓာကိုယ် တက်အိပ်ရတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ ကြောင်လေးတွေက နွေးထွေးတဲ့နေရာမှာ အိပ်ချင်တာကြောင့် သင့်အပေါ် တက်အိပ်ပါတယ်။
ကြောင်လေးတွေက သင့်ကို ညီအစ်ကိုမောင်နှမလို့ သတ်မှတ်ထားတဲ့အခါ၊ သင့်အပေါ်ယုံကြည်တဲ့အခါမှာလည်း ခန္ဓာကိုယ်ပေါ် တက်အိပ်လေ့ရှိပါတယ်။
Zombie (lovemedia)
0 Comments