ရှေ့သွားနောက်လိုက်ညီတဲ့စုံတွဲတွေမှာ ရှိတတ်တဲ့လက္ခဏာ (၆) ခု

ကိုယ်ချစ်တဲ့သူနဲ့ ဘဝတစ်လျှောက်လုံး ဖြတ်သန်းသွားဖို့ဆိုရင် စိတ်တူကိုယ်တူဖြစ်နေဖို့ လိုအပ်ပါတယ်။ သင့်ချစ်သူနဲ့ ဘယ်လောက်ရှေ့သွားနောက်လိုက် ညီလဲဆိုတာကို ဒီလက္ခဏာတွေအရ သိနိုင်ပါတယ်။

၁။ အကောင်းမြင်စိတ်ရှိခြင်း

တည်ငြိမ်တဲ့အချစ်ရေးဖြစ်ဖို့အတွက် အကောင်းမြင်စိတ်က မရှိမဖြစ်ပါပဲ။ သတင်းကောင်းတွေကြားရတာတောင် ဘာမှမဖြစ်သလို၊ ဂရုမစိုက်သလိုလုပ်နေတာက ပျော်စရာကောင်းတဲ့အချစ်ရေးကို ရရှိလာစေမှာမဟုတ်ပါဘူး။

စုံတွဲတွေကြားမှာ တစ်ဦးနဲ့တစ်ဦး အသိအမှတ်ပြုမှုက လိုအပ်ကြောင်း စိတ်ပညာရှင် Barbara L.Fredickson က ဆိုပါတယ်။ အပြန်အလှန်အသိအမှတ်ပြုတာ၊ အကောင်းမြင်စိတ်ထားတာက ခိုင်မြဲတဲ့စုံတွဲတွေရဲ့လက္ခဏာပါပဲ။

၂။ ဆိုရှယ်မီဒီယာတွေမှာ ခဏတာပဲ အချိန်ကုန်ဆုံးခြင်း

ဆိုရှယ်မီဒီယာတွေကို အလွန်အမင်းစွဲလမ်းခြင်းက အချစ်ရေးအတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဆိုရှယ်မီဒီယာတွေမှာ ကောင်းတဲ့အရာတွေကိုပဲ ကွက်ပြီး ပြသလေ့ရှိပါတယ်။ ဆိုရှယ်မီဒီယာပေါ်က ဘဝနဲ့ လက်တွေ့ဘဝက ကွာခြားနေနိုင်ပါတယ်။

အခြားသူတွေရဲ့ကောင်းတဲ့အကွက်တွေကိုပဲ တွေ့ပြီး အားကျနေတာက အချစ်ရေးမှာ မလိုအပ်တဲ့ပြဿနာတွေ ဖြစ်ပေါ်လာစေပါတယ်။ တကယ်ချစ်တဲ့သူတွေက ဆိုရှယ်မီဒီယာမှာ အချိန်ကုန်မခံတော့ပါဘူး။

၃။ မကြာခဏ လက်တွဲထားခြင်း

စုံတွဲတွေကြားမှာ ကြင်နာမှုကလည်း မပါမဖြစ်ပါပဲ။ မကြာခဏ ပွေ့ဖက်လေ့ရှိတဲ့ စုံတွဲတွေက အချစ်ရေးမှာ ပိုမိုအဆင်ပြေလာတာကို စစ်တမ်းတွေအရ သိနိုင်ပါတယ်။

မကြာခဏ လက်တွဲထားတာ၊ ပွေ့ဖက်ထားတာတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ သံသယတွေ၊ ပြဿနာတွေကို အနည်းငယ်ပြေလည်သွားစေပါတယ်။

၄။ တူတဲ့အချက်တွေ များခြင်း

အကြိုက်ချင်းတူနေတာ၊ မကြိုက်တာချင်းတူနေတာ၊ ဝါသနာချင်းတူတာ စတဲ့တူတဲ့အချက်တွေ များခြင်းက သင်တို့နှစ်ယောက်ကြားမှာ ပိုချစ်လာစေပါတယ်။

အတွေးအမြင်မတူသူနှစ်ယောက်က ရေရှည်မှာ အမြဲတမ်းအဆင်မပြေနိုင်ပါဘူး။ အမြင်ချင်း၊ စိတ်ဓာတ်ချင်းကိုက်ညီနေတဲ့အခါ စကားတွေအများကြီး ပြောနေစရာမလိုဘဲ ပိုပိုရင်းနှီးလာမှာပါ။

၅။ ငွေကြေးနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးခြင်း

ငွေရေးကြေးရေးကြောင့်လည်း စုံတွဲတွေကြားမှာ စကားများရန်ဖြစ်လေ့ ရှိကြပါတယ်။ တစ်ယောက်က အသုံးအဖြုန်းကြီးပြီး တစ်ယောက်က အရမ်းစိစစ်တဲ့အခါ အငြင်းပွားတာတွေ မကြာခဏဖြစ်ပေါ်နေမှာပါ။

ငွေကြေးနဲ့ပတ်သက်ပြီး စိတ်တူကိုယ်တူတိုင်ပင်တာ၊ အတွေးချင်းတူနေတာက လိုက်ဖက်ညီတဲ့စုံတွဲတွေရဲ့ လက္ခဏာတစ်ရပ်ပါ။

၆။ သစ္စာရှိခြင်း

ဘဝကို အတူတူဖြတ်သန်းဖို့ဆိုရင် သစ္စာရှိဖို့ကတော့ အရေးအကြီးဆုံးပါပဲ။ သစ္စာမရှိတဲ့အခါ ယုံကြည်မှုတွေလည်း မရှိနိုင်တော့တာကြောင့် မကြာခင်အချိန်အတွင်းမှာတင် ပြတ်တောက်သွားမှာပါ။

တစ်ယောက်ရဲ့လိုအပ်ချက်ကို နားလည်ဖြည့်ဆည်းပေးတာ၊ အကောင်းမြင်စိတ်နဲ့ ညွှန်ပြတာ၊ ဘေးနားမှာ သာလွန်ကောင်းမွန်တဲ့လူတွေ ရှိနေတာတောင် စိတ်မယိုင်သွားတာ စတဲ့အချက်တွေ ရှေ့သွားနောက်လိုက်ညီတဲ့စုံတွဲတွေရဲ့လက္ခဏာပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments